ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တွေ ဓညဝတီပညာပါရမီကျောင်းတိုက်တွင် မဟာဗောဓိဗုဒ္ဓဂါယာ ပုံစံတူစေတီတော်၏ ဌာပနပိတ်ပွဲကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 5.4k

သဥ္ဇာနွယ်၊ အိမ်စိုးဖြူ
နိရဥ္စရာ၊ ဇန်နဝါရီ ၂၃ / ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ တရားသီးစုရပ်ကွက်ရှိ ဓညဝတီပညာပါရမီကျောင်းတိုက်ရှိ မဟာဗောဓိဗုဒ္ဓဂါယာ ပုံစံတူ စေတီတော်၏ဌာပနာပိတ်ပွဲကို ယနေ့ နံနက်တွင်ကျင်းပခဲ့သည်။
ယနေ့ ဇန်နဝါရီ ၂၃ ရက်နေ့ နံနက် ၉ နာရီိခန့်က ကျင်းပခဲ့ခြင်းဖြစ်ပြီး အလှူရှင်များနှင့် ဖိတ်ကြားထားသည့်ဧည့်သည်များလာရောက်ခဲ့သည်ဟု သိရသည်။
အဆိုပါစေတီတော်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၁၉ ရက်မှစတင်တည်ထားပူဇော်ခဲ့ခြင်းဖြစ်သည်ဟု ဓညဝတီပညာပါရမီကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ကြီး ဒေါက်တာအရှင်ဝရသာမိက နိရဥ္စရာကို မိန့်သည်။
“ဒီဗုဒ္ဓဂါယာပုံစံတူကို တည်ထားကိုးကွယ်ရတာက ရခိုင်ပြည်က ဗုဒ္ဓဂါယာဘုရားမဖူး ဖူးသေးတဲ့သူတွေ လွယ်လင့်တစ်ကူဖူးမြော်နိုင်အောင် ရည်ရွယ်ချက်နဲ့ တည်ထားကိုးကွယ်တာပါ” ဟု မိန့်သည်။
အဆိုပါစေတီတော်ကို စစ်တွေမြို့မှ စစ်တွေမြို့မှ သိန်းသန်းအောင်ရတနာရွှေဆိုင်ပိုင်ရှင် ဦးအောင်ကျော်သိန်းနှင့် ဒေါ်တင်နုတို့မိသားစုနှင့် ၇ ရက်သားသမီးများ စုပေါင်းလှူဒါန်းတည်ထားပူဇော်ထားခြင်းဖြစ်သည်။
အဆိုပါစေတီတည်ဆောက်ခြင်းဖြင့် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂါယာသို့ မရောက်ဖူးသူနှင့် ရောက်ဖူးသူများအနေဖြင့်လည်း အလွယ်တကူဖူးမြော်နိုင်ပြီး မိမိတို့ဒေသတွင်ရှိသည့်အတွက် အလွန်ဝမ်းမြောက်မိသည်ဟု စစ်တွေမြို့မှ ဒေါ်စိန်သန်းရွှေက ပြောသည်။
“ခုလို ရခိုင်မှာတည်ထားတော့ အရမ်းဝမ်းမြောက်တယ်။ ဖူးခွင့်ရတဲ့အတွက်လည်းဝမ်းသာတယ်” ဟုပြောသည်။
အဆိုပါမဟာဗောဓိဗုဒ္ဓဂါယာပုံစံတူစေတီ၏ ဉာဏ်တော်အမြင့်မှာ ၁၆ ပေခွဲရှိပြီး စေတီ၏ပတ်ပတ်လည်တွင် အရံစေတီ ၄ ဆူပါရှိကာ စေတီတော်အတွင်းတွင် ဗုဒ္ဓဝင်ကိုအကျဉ်းချုပ်ထားသော မြတ်စွာဘုရားဖွားတော်မူသောပုံတော်၊ ဘုရားဖြစ်သောပုံတော်၊ ဓမ္မစကြာတရားဟောနေသော ပုံတော်၊ ပရိတ်နိဗ္ဗာန်ပြုနေသော ပုံတော် ၄ ဆူနှင့် အခြားဘုရားရုပ်တု ၂ ဆူစီကို စေတီ၏လက်ဝဲ၊ လက်ယာတော်အဖြစ် ထောင့် ၄ ထောင့်တွင် ထည့်သွင်းပူဇော်ထားသည်ဟု သိရသည်။
ဓာတ်ပုံ - သျှင်မင်းဇံ / နိရ ဉ္စရာ
-------------------------

ဆက်စပ် သတင်းများ