ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

မာန်အောင်ကျွန်းတွင် ခရီးသွားများအားဆွဲဆောင်နိုင်သည့် လှပသောနေရာများစွာရှိသော်လည်း လျှပ်စစ်မီးအလုံအလောက်မရသဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို အောင်မြင်အောင် အကောင်အထည်ဖော်ရန်ခက်ခဲနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.6k

ချစ်အိလှိုင်
နိရဉ္စရာ၊ ဇန်နဝါရီ ၂၃/ ၂ဝ၂၂
ရခိုင်ပြည်နယ်ထဲက ဒုတိယအကြီးဆုံး မာန်အောင်ကျွန်း (မာန်အောင်မြို့နယ်) တွင် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် အလွန်လှပသည့် ပင်လယ် ကမ်းခြေများ၊ သဘာ၀ သန္တာကျောက်တန်း ကျောက်ဆောင်များ၊ မီးတောင်ဟောင်းများ၊ အုန်းပင်တန်များ၊ စေတီဘုရားပုထိုးများ စသည့် နေရာအများအပြားတည်ရှိသော်လည်း လျှပ်စစ်မီး အလုံအလောက် မရသဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ရန်မှာ အခက်အခဲများ ရှိနေသည်ဟု ဒေသအတွင်းက စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
လက်ရှိတွင် မာန်အောင်မြို့နယ်တွင် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များက မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ချက်ဖြင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကို မြှင့်တင်ရန် ကြိုးစားဆောင်ရွက်နေသော်လည်း လျှပ်စစ်မီး အလုံအလောက် မရရှိ၍ အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု ဆိုသည်။
လက်ရှိ မာန်အောင်မြို့နယ်တွင် ဆိုလာမီးဖြင့် လျှပ်စစ်မီးဖြန့်ဝေနေသော်လည်း အလုံအလောက် အချိန်ပြည့်မရသဖြင့် ယခင်ကတည်းကရှိနေသည့် မီးစက်ကြီးဖြင့် အခါအားလျော်စွာ ဖြန့်ဖြူး နေရသည်ဟု သိရသည်။
လက်ရှိ မာန်အောင်မြို့နယ်တွင် အများပိုင်ကုမ္ပဏီက ဦးဆောင်ပြီး ( Manaung Island Resort ) ဟိုတယ်ဇုန် တစ်ခုကို တည်ထောင်ပြီး ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် ဆောင်ရွက်နေသော်လည်း လျှစ်စစ်မီး ရရှိရေးအတွက် နေရောင်ခြည်စွမ်းအင် ဆိုလာကို ကုမ္ပဏီက ကျပ်ငွေ သိန်းပေါင်း (၁၂၀၀) အကုန်ကျ ခံပြီး အသုံးပြုနေရသဖြင့် ရေရှည်တွင် တွက်ခြေမကိုက် ဖြစ်နိုင်သည်ဟု အများပိုင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းလှိုင်က နိရဉ္စရာ သတင်းဌာနကို ပြောသည်။
“ ကိုယ့်ဖာသာ ကိုယ်လုပ်ထားတဲ့ ဆိုလာမီးပါ။ အကုန်အကျများပါတယ်။ များတာကို သိပါတယ်။ ဒါပေမယ့်လို့ ဒီခရီးသွားလုပ်ငန်းတစ်ခု ဖော်ဆောင်မယ် ဆိုရင်မီးလုံးဝမရှိလို့ အဆင်မပြေပါဘူး။ တောက်လျှောက် ဂျင်နရယ်တာ နိုးပြီးတော့ ဆီအကုန်အကျကို တလျှောက်လုံးကျွန်တော်တို့က အကုန် မခံနိုင်ပါဘူး။ ဆီကလည်းမတရားဈေးကြီးတာကို။ ဒါပေမယ့် လပိုင်း အတိုင်းအတာတစ်ခုထိ ဆိုလာမီးနဲ့ ဒီတိုင်းသွားမယ်။ တစ်ချိန်ချိန်မှာ ဝင်ငွေနဲ့ ထွက်ငွေနဲ့ ညီမျှတဲ့အချိန်မျိုးဆိုရင် ရေရှည် သွားနိုင်တာပေါ့နော်။ တောက်လျှောက်ကြီးရှုံးရင်တော့ ကျွန်တော်တို့ အရှုံးမခံနိုင်ပါဘူး” ဟုပြောသည်။
မာန်အောင်မြို့တွင် ယခင် NLD အစိုးရလက်ထက်က နေရောင်ခြည်သုံး ဆိုလာဓာတ်အားပေးစက်ရုံကို တည်ဆောက်ပေးခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၁၉ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက်ပြီး ၎င်းဓာတ်အားပေးစက်ရုံကို ဖွင့်လှစ်ပေးခဲ့သည်။
၎င်းစက်ရုံမှ မာန်အောင်မြို့ပေါ်ရပ်ကွက်များအပါအဝင် ခအုံးမော်ကျေးရွာနှင့် ကုန်တန်း ကျေးရွာတို့ကို အစပိုင်းတွင် ၂၄ နာရီမီး ပေးဝေဖြန့်ဖြူး ပေးခဲ့သော်လည်း နောက်ပိုင်းတွင် အဆင်မပြေတော့ဘဲ လက်ရှိတွင် အချိန်အကန့်အသတ်ဖြင့် ပေးဝေနေရပြီး ဟိုတယ်ဇုန်သို့ ဖြန့်ဖြူးပေးနိုင်သည့် အနေအထားတွင်လည်း ရှိမနေဟု သိရသည်။
ဆိုလာဓာတ်အားပေးစက်ရုံမှ ဆိုလာမီးကို မာန်အောင်မြို့တွင် နံနက်၅ နာရီမှ ၆ နာရီခွဲတစ်ကြိမ်၊ နံနက် ၇နာရီမှ ၉ နာရီခန့်တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီမှ နေ့လယ် ၁ နာရီခန့်တွင်တစ်ကြိမ်၊ ညနေ ၅ နာရီမှ ၇ နာရီခန့်နှင့် ည ၈ နာရီမှ ည၁၁ နာရီအထိ တစ်ကြိမ် စသဖြင့် အပိုင်းလိုက် ခွဲဝေပြီး လျှပ်စစ်မီး ပေးနေရသည်ဟု သိရသည်။ ရပ်ကွက်တစ်ခုနှင့် တစ်ခုအကြား မီးရချိန်မှာ တူညီမှု မရှိသည့် အခါများလည်း ရှိကြောင်း ဒေသခံများ၏ ပြောပြချက် အရသိရသည်။
မာန်အောင်မြို့ဒေသခံပညာရေးဝန်ထမ်းအငြိမ်းစားဆရာမ ဒေါ်တင်မိုးမိုးက “ လျှပ်မီးအခြေအနေကို ဟိုတယ်ဇုံဖွင့်ရင် ပြောင်းလဲလာမလားလို့ ကြည့်နေကြတယ်။ ပြောင်းလဲဖို့ အခြေအနေပြောသံတော့ မကြားမိပါဘူး။ ဟိုတယ်ထဲမှာတော့ သူ့အစီစဉ်နဲ့သူ မီးကို အဆင်ပြေအောင် လုပ်ထားတယ် ဆိုပေမယ့် ကိုယ့်ကျွန်းထဲမှာ လျှပ်စစ်မီးအဆင်မပြေတော့ အစစအရာရာ တိုးတက်မှုနှောင့်နှေးတယ်လေ။ လျှပ်စစ်မီးအဆင်ပြေမှ စီးပွားရေးလုပ်ငန်းတွေ တိုးတက်မယ်။ တစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်နိုင်မယ်။ ပြည်တွင်းအပါအဝင် ပြည်ပနိုင်ငံခြားသားတွေလာဖို့ အဆင်ပြေမှာပေါ့” ဟုပြောသည်။
ရခိုင်ပြည်နယ်သည် စီးပွားရေး ဖွံ့ဖြိုးမှု နောက်ကျရသည့်အထဲတွင် လမ်းပမ်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီး ရရှိရေးသည် အဓိက အခရာကျသဖြင့် ရခိုင်ပြည်နယ် စီးပွားရေးတိုးတက်ရေးကို လိုလားပါက ပါးစပ်ဖြင့် အကောင်အထည်မဖော်ဘဲ လက်တွေ့ကျကျ အကောင်အထည်ဖော်ရန် လိုအပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။
ရခိုင်ပြည်နယ်သည် သဘာ၀ ဓာတ်ငွေ့ အများအပြားထွက်ရှိသည့် ဒေသတစ်ခုဖြစ်သဖြင့် အမျိုးသားမဟာဓာတ်အားလိုင်းမှ မာန်အောင်မြို့နယ်အား လျှပ်စစ်မီးမဖြန့်ဖြူးနိုင်ပါက သဘာ၀ ဓာတ်ငွေ့ဖြင့် ဂတ်စ်တာဘိုင်တာ စက်ကြီးတည်ဆောက်ကာ မီးပေးဝေသင့်သည်ဟု ဒေသခံ တစ်ဦးဖြစ်သူ ဦးကျော်နိုင်က ပြောသည်။
“ ကျွန်တော်တို့ မာန်အောင်မြို့နယ်က လျှပ်စစ်မီး အလုံအလောက်ရတာနဲ့ ချက်ချင်းတိုးတက်သွားမယ်။ ခရီးသွားလုပ်ငန်းလုပ်ဖို့ နေရာကောင်းတွေ အများကြီးရှိတယ်။ မဟာဓာတ်အားလိုင်းက လျှပ်စစ်မီးသွယ်တန်းဖို့ အခက်အခဲရှိနိုင်တယ်။ ဒါဆိုရင် ဂတ်စ်တွေနဲ့ လျှပ်စစ်မီးပေးလို့မရနိုင်ဘူးလား။ တစ်ခုခုကနေ စီမံကိန်းချပြီး လျှပ်စစ်မီး အပြည့်အ၀ရဖို့ အာဏာပိုင်တွေက ဆောင်ရွက်ပေးသင့်တယ်” ဟု ၎င်းက ပြောကြားသည်။
မာန်အောင်မြို့နယ်တွင် သွားရောက်လည်ပတ်စရာများမှာ မြေနီတောင်နှင့် ဘုရား၊ သံကျောက်တောင်၊ တောကြက်တောင်၊ ပုလေးငူတောင်၊ သဗ္ဘလ ကမ်းခြေ၊ ခအုံမော်ကမ်းခြေ၊ ကမားရေလယ်ဘုရား၊ ကအီးကမ်းခြေ၊ သန္တာကျောက်တန်း၊ မျှော်တော်ဦးကမ်းခြေ၊ နဂါးကွင်း၊ မာန်အောင် မီးပြတိုက်နှင့်စန္ဒလောဟမုနိ ဘုရားတို့ ဖြစ်ကြသည်ဟု သိရသည်။
မာန်အောင်မြို့နယ် (မာန်အောင်ကျွန်းပေါ်) သို့ ခရီးသွားလာသူများအနေဖြင့် ပွင့်လင်းရာသီတွင် လေယာဉ်ဖြင့် ဖြစ်စေ၊ တောင်ကုတ်မြို့မှ အမြန်ရေယာဉ်ဖြင့် ဖြစ်စေ သွားလာနိုင်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ