ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မာန်အောင်မြို့နယ်တွင်တွေ့ရှိသည်ဆိုသော ကျောက်ဖြစ်ရုပ်ကြွင်းနှင့် ပတ်သက်ပြီး စာတန်းတစ်စောင်ထွက်ပေါ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 6.4k


ပိုးဝါ
နိရဥ္စရာ၊ ဇန်နဝါရီ ၂၃/၂၀၂၂
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် တူးဖော်ရရှိခဲ့သည့် ကျောက်ဖြစ် ရုပ်ကြွင်း တစ်ခု တွေ့ရှိမှုနှင့် ပတ်သက်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့က စာတန်း တစ်စောင် ထွက်ပေါ်လာပြီး ဦးမောင်မောင်ရင် (Consultant Geologist) က လက်မှတ်ရေးထိုးထားသည်။
၎င်းကျောက်ဖြစ်ရုပ်ကြွင်းကို ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် မီးတောင်ကျွန်း အနီးဝန်းကျင်တွင် တွေ့ရှိခဲ့သော ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ကြောင်း၊ ကျောက်ဖြစ်ရုပ်ကြွင်း ဦးခေါင်းခွံမှာ မြွေခေါင်းခွံကဲ့သို့ ရှည်မျောမျောတွင် ထူးခြားသည့် ရှည်လျားသည့်ဦးချိုပါနေသည်ကို တွေ့ရှိရကြောင်း၊ ရှားပါးသည့် ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်ကြောင်း၊ ဦးခေါင်း အရှည်မှာ (၂၂) လက်မ၊ ကျောရိုးဆစ်များ အရှည်မှာ (၇၇) ပေ၊ ဦးခေါင်းရှိ ဦးချိုအရှည်မှာ (၄) လက်မ၊ ဦးချိုအတိုမှာ (၂) လက်မ၊ ကျောရိုးဆစ် အကျယ်မှာ (၅)လက်မရှိပြီး အမြင့်မှာ (၅.၅)လက်မနှင့် နုတ်သီးဖျားထိပ်တွင် (၁) လက်မကျော်ကျော် ဦးချိုငယ်တစ်ခု ပါရှိကြောင်း ၎င်းစာတန်းတွင် ဖော်ပြထားသည်။
၎င်းကျောက်ဖြစ်ရုပ်ကြွင်းမှာ သလင်းတိုးဝင်နေခြင်းများကို တွေ့ရှိရသောကြောင့် နှစ်သက်တမ်း ၂၅၀၀ ခန့် ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိမှုနှင့် ပတ်သက်ပြီး မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က နိရဥ္စရာ သတင်းဌာန ဆက်သွယ် မေးမြန်းရာ ၎င်းကိစ္စကို မကြားမိဟု ပြောဆိုသည်။
"အဲ့ဒါမာန်အောင်မှာမဟုတ်ပါဘူး။ ဘယ်သူတင်လဲတော့မသိဘူး။ ကျွန်တော်တို့မာန်အောင်မှာ မီးတောင်ကျွန်းလည်း မရှိပါဘူး။ ရပ်ကျေးတွေလည်း ဒီကိစ္စမသိကြဘူး။ ဘယ်ကဟာလဲတော့ မသိပါဘူး"ဟု ပြောသည်။
၎င်းကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်ဟု လူမှုကွန်ယက် စာမျက်နှာတွင် ပျံ့နှံလာခဲ့ပြီးနောက် မာန်အောင် ဒေသခံများသို့ ဆက်သွယ်ရာတွင်လည်း တစ်ဦးတစ်ယောက်မျှ မသိရှိဟု ဆိုသည်။
မာန်အောင်မြို့ခံ ဦးထွန်းမင်းကလည်း "လိုင်းပေါ်မှာတော့ တွေ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ မာန်အောင်မှာက မီးတောင်ကျွန်းဆိုတာမရှိဘူး။ ဒီလိုတွေ့သံလည်းမကြားရဘူး။ တကယ်သာဆို ဟိုးလေးတကျော်ကျော် ရှိမှာပဲ"ဟု ပြောသည်။
မာန်အောင်မြို့ပေါ်က ဦးစိုးနိုင်က “ သတင်းမှားနေသလားမသိဘူး။ မာန်အောင်မှာတော့ မဟုတ်ပါဘူး။ နာမည်မှားသလားမသိဘူး။ ဒီမှာက ဘယ်သူမှ မသိကြဘူး။ ထပ်ပြီး လေ့လာကြည့်မယ်” ဟု ပြောဆိုသည်။
Ashin Vimala ဖေ့စ်ဘုန် အကောင့်တွင် ရခိုင်ပြည်နယ် မာန်အောင်မြို့ နယ် မီးတောင်ကျွန်း အနီးမှရရှိသည့် ဦးချိုပါရှိသော မီးနဂါးကျောက်ဖြစ် ရုပ်ကြွင်းများကို နာဂလိုဏ်ဂူဘုရားကုန်းမြေမဟာ၌ ပြသထားလျက်ရှိပါသည် အချိန်မှီလာရောက်ကြည့်ရှုလေ့လာနိုင်ပါသည်ဟု ဖော်ပြထားသည်။

ဆက်စပ် သတင်းများ