ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မြန်မာတွင် အိုမီခရွန်ပိုးတွေ့သူ ၁၄၆ ဦးအထိရှိလာသော်လည်း ရခိုင်တွင်မတွေ့သေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 8.9k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၄/၂၀၂၂
မြန်မာနိုင်ငံတွင် အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ ၁၄၆ ဦးအထိ ရှိလာသော်လည်း ရခိုင်ပြည်နယ်အတွင်း အိုမီခရွန်ပိုးတွေ့သူမရှိသေးကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဗီဇပြောင်းကိုဗစ်ပိုးသစ် အိုမီခရွန်ရောဂါပိုးကို ၂၀၂၁ ဒီဇင်ဘာ ၂၈ ရက်တွင် ယူအေအီးနိုင်ငံမှပြန်လာသူ ၄ ဦးထံမှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂ဝ ရက်အထိ စုစုပေါင်းတွေ့ရှိသူ ၁၄၆ ဦးအထိရှိသွားပြီဟု ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
အိုမီခရွန်သည် ဒေတာမျိုးကွဲထက် ကူးစက်မှုပိုမြန်ပြီး ရောဂါလက္ခဏာမှာ ဒေတာထက်ပိုအားပျော့ကြောင်း
ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
"အိုမီခရွန်က ကူးစက်မှုပိုများတယ်။ ကံကောင်းစွာနဲ့ ပြင်းထန်မှုက နည်းနေတယ်လို့ပဲ တွေ့ရတယ်။ အခုချိန်မှာ သေဆုံးသူ တစ်ယောက်စ၊ နှစ်ယောက်စရှိပေမယ့်လည်း ကူးစက်မှုနည်းတယ်လို့ပဲ ပြောရမှာပေါ့နော်"ဟု ပြောသည်။
ရခိုင်တွင် အိုမီခရွန်ပိုးတွေ့သူမရှိသေးသော်လည်း ရခိုင်ပြည်နယ်နှင့် နယ်စပ်ချင်းထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကူးစက်မှုများရှိနေပြီဟု သိရသည်။
ရခိုင်ပြည်မှတဆင့် ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်ရေးဖြင့် စက်လှေများ အဆက်မပြတ်ဝင်ထွက်သွားလာလျက်ရှိသော်လည်း ရခိုင်သို့ပြန်လာသည့်စက်လှေများကို ဆိပ်ကမ်းအတွင်း ကော်ရန်တင်းဝင်းခိုင်းပြီး စက်လှေသမားများကိုလည်း ကိုဗစ်စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်ဟု နယ်စပ်ကုန်သွယ်ရေးတာဝန်ရှိသူများက နိရဥ္စရာကိုပြောဆိုထားသည်။
ကိုဗစ်မျိုးကွဲဖြစ်သည့်အတွက် အိုမီခရွန်ရောဂါလက္ခဏာသည်လည်း အဓိက အသက်ရှုလမ်းကြောင်းနှင့်သက်ဆိုင်သည့် ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ အဖျားရှိခြင်း၊ နွမ်းနယ်ခြင်း၊ ဖျားနာခြင်း၊ နာကျင်ကိုက်ခဲခြင်းနှင့် အနံ့ပုံမှန်မရခြင်းတို့ဖြစ်တတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားချက်များအရ သိရသည်။

ဆက်စပ် သတင်းများ