ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြောက်ဦးတွင် ကျုံးနှင့် တောင်မြေများကို ကျူးကျော််ပြီး အဆောက်အုံဆောက်လုပ်ပါက ဥပဒေအရအရေးယူတော့မည်ဟု ရှေး/သုပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 10k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၅ / ၂၀၂၂
ရခိုင်ပြည်နယ်၊ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့တွင် ကျုံးများ၊ တောင်မြေများ၊ ချောင်းမြောင်း၊ အင်းအိုင်များကို ကျူးကျော်ပြီး အဆောက်အအုံများဆောက်လုပ်ပါက ဥပဒေအရအရေးယူတော့မည်ဟု မြောက်ဦးမြို့ရှေးဟောင်းသုတေသနဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးကြည်ခင်က နိရ ဉ္စရာကို ပြောသည်။
“ကျနော်တို့အနေနဲ့အခက်ခဲတွေက ကျုံးတွေ၊ တောင်တွေကိုတူးဆွ၊ အဆောက်အအုံတွေဆောက်တာပါပဲ။ ဒီတောင်တန်းတွေ၊ အင်းအိုင်တွေ၊ ချောင်းမြောင်းတွေကို ကာကွယ်ရေးစနစ်အနေနဲ့လုပ်ထားတာလေ။ ခုခေတ်ကျမှ အဲ့ဒါတွေတူးလိုက်ရင် သဘာဝအမွေအနှစ်တွေပျက်စီးသွားပါမယ်။ ဒါတွေကို ယူနက်စကိုဝင်ဖို့လုပ်ဆောင်နေတဲ့အချိန်မှာ ဥပဒေအရအရေးယူသွားဖို့ရှိပါတယ်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်တားလို့မရရင် တရားစွဲဆိုမှာပါ”ဟုပြောသည်။
ယင်းသို့ကျူးကျော်သူများကို ၂၀၁၉ ယဉ်ကျေးမှုအမွေအနှစ်များဒေသ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုသည်။
ယင်းဥပဒေသည် အနည်းဆုံးထောင်ဒဏ် ၁ နှစ်မှ အများဆုံး ၃ နှစ်နှင့် ငွေဒဏ် ၁၀ သိန်းမှ သိန်း ၅၀ အထိ ချမှတ်နိုင်သည်ဟု သိရသည်။
သို့သော် မည်သည့်အချိန်တွင် စတင်အရေးယူမည်ဆိုသည်ကို ပြောဆိုခြင်းမရှိပါ။
မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ပေါ်တွင် ကျူးကျော်တည်ဆောက်သော အဆောက်အအုံများကို အရေးယူဆောင်ရွက်/ မရွက်ကို စောင့်ကြည့်သွားမည်ဟုလည်း မြောက်ဦးမြို့ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌဒေါ်ခင်သန်းက ပြောသည်။
“ဟိုးအရင်တုန်းကတော့ အရေးယူတာတွေရှိခဲ့တယ်။ နောက်ပြောင်းလာတဲ့သူတွေက အရေးယူဆောင်ရွက်ဖို့ဟာကို ကောင်းကောင်းကြီးဒုက္ခခံပြီး လုပ်တာမရှိဘူး။ ဝဋ်ကျေ၊ တန်းကျေ စာထုတ်တာပြီး တားမြစ်တာတို့၊ အဲ့လောက်ကလွဲပြီး အရေးယူတာတွေမရှိဘူး။ ခုအရေးယူမယ်ပြောတော့ စောင့်ကြည့်ရမှာပေါ့” ဟု ပြောသည်။
လက်ရှိတွင် မြောက်ဦးမြို့ရှိ တောင်များကို တူးပြီး ကျုံးများကိုဖို့ခြင်း၊ ဆိုင်ခန်းငယ်များ ဆောက်လုပ်ခြင်း၊ ဘုန်းကြီးကျောင်းများဆောက်လုပ်ခြင်း၊ ကျုံးများကို တူးပြီး မြေဖို့ခြင်းများ ပြုလုပ်နေကြသည့်အတွက် မြောက်ဦးကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရေးအခက်တွေ့နိုင်သည်ဟု ပြောသည်။
မြောက်ဦးသည် ရခိုင်တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်ဒေသဖြစ်သည့်အတွက် မြောက်ဦးတွင်နေထိုင်သူများအနေဖြင့် ပြဋ္ဌာန်းထားသည့်ဥပဒေများကို လေးစားလိုက်နာရန်လိုသည်ဟုလည်း ဒေါ်ခင်သန်းက ဆိုသည်။
မြောက်ဦးမြို့ခံ ဦးဘညွန့်ကလည်း မြောက်ဦးတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများကြောင့် ရေမြောင်းများပိတ်ဆို့ကာ ရေကြီးခြင်းနှင့်ကြုံနေရပြီး သက်ဆိုင်ရာများက ထိထိရောက်ရောက်အရေးယူခြင်း တစ်စုံတစ်ရာမရှိခြင်းကြောင့် မြောက်ဦးမြို့သည် ယခင်ကထက်ပို၍ ဆိုးဝါးလာနေသည်ဟု ပြောသည်။
“မြောက်ဦးမြို့ အခြေအနေကပြောင်းလဲတာမရှိပါဘူး။ အရင်ကထက်ပိုဆိုးလာတယ်။ အမှိုက်တွေက ပိုများလာတယ်။ အဖွဲ့အစည်းတွေကလည်း ပညာပေးတာတွေ၊ အသိပေးစာတွေဘာတွေကိုလည်း ထိထိရောက်ရောက်လုပ်သင့်သလို လူတွေကလည်း စည်းကမ်းလိုက်နာရင်တော့ မြောက်ဦးကသန့်ရှင်းပြီး ယူနက်စကိုဝင်ဖို့ မျှော်လင့်လို့ရပါတယ်”ဟု ပြောသည်။
လက်ရှိတွင် ရခိုင်တစ်မျိုးသားလုံးက တန်ဖိုးထားရမည့် ရှေးဟောင်းသမိုင်းဝင်မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသစာရင်းဝင်နိုင်ရန် အဆိုပြုလွာမူချောကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်က ပြင်သစ်နိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်ကော်မတီရုံးသို့ ပေးပို့လိုက်ပြီဟု သိရသည်။
ယူနက်စကိုမှတာဝန်ရှိသူများက ၂၀၂၃ ခုနှစ်တွင် မြောက်ဦးသို့ကွင်းဆင်းစစ်ဆေးကာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်မဝင်နိုင်ကို ဆုံးဖြတ်သွားမည်ဟု မြောက်ဦးရှေး/သု ညွှန်ကြာရေးမှူး ဦးကြည်ခင်က ပြောသည်။
မြောက်ဦးမြို့ကို အေဒီ ၁၄၃၀ ခုနှစ်တွင် ရခိုင်ဘုရင်မင်းစောမွန်က စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၅၄ နှစ်တိုင်အောင် ရခိုင်ဘုရင်အဆက်ဆက်ထီးနန်းစိုးစံအုပ်ချုပ်ခဲ့ပြီး ကြီးကျယ်ခန်းနားခဲ့သည့် မင်းနေပြည်တော်တစ်ခုလည်း ဖြစ်သည်။
ယင်းကဲ့သို့ မြောက်ဦးမြို့ရှိတန်ဖိုးဖြတ်မရသည့် ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်များကို အရှည်တည်တံ့နိုင်အောင် ထိန်းသိမ်းရန်လိုအပ်သောကြောင့် မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စားရင်းဝင်ရန် ကြိုးပမ်းနေရခြင်းဖြစ်သည်ဟုလည်း ယူနက်စကိုစာရင်းဝင်ရေးကြိုးပမ်းဆောင်ရွက်နေသူများက ပြောသည်။

ဆက်စပ် သတင်းများ