ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဘူးသီးတောင်နှင့် မြောက်ဦးတွင် AA တပ်ဖွဲ့ဝင်များကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 1.6k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၅ / ၂၀၂၂
ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မြောက်ဦးမြို့နယ်တို့ရှိ ရက္ခိုင့်တပ်တော် (AA)တပ်ဖွဲ့ဝင်များအား ဇန်နဝါရီ ၂၄ ရက်နေ့က စတင်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းဒေသအတွင်း တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရသည်။
ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာရှိ အထက်တန်းကျောင်းတွင် ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်မှစတင်ထိုးနှံပေးခဲ့ပြီး ယနေ့တွင်လည်း ဆက်လက်ထိုးနှံပေးနေသည်ဟု ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးက နိရဥ္စရာကိုပြောသည်။
“စေတီတောင်အုပ်စုမှာထိုးကြတယ်။ ဘယ်လောက်အရေအတွက်ထိုးပြီလဲဆိုတာ ကျနော်တို့မသိရပါဘူး”ဟုပြောသည်။
အလားတူ မြောက်ဦးမြို့နယ်၊ ဘူးရွက်မညှိုးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင်လည်း AA တပ်ဖွဲ့ဝင်များကို ဘူးရွက်မညှိုးကျေးရွာသားများ၊ တိမ်ညိုရွာသားများနှင့်အတူ ယမန်နေ့ နံနက် ၁ဝ နာရီမှ ညနေ ၃ နာရီအထိ ထိုးနှံပေးခဲ့သည်ဟု ဘူးရွက်မညှိုးကျေးရွာအုပ်မှူး ဦးစံမြအောင်က ပြောသည်။
"စစ်ကောင်စီဘက်ကတော့ ရဲ ၆ ယောက်ပါတယ်။ ကျနော်တို့ဘက်ကတော့ ခန့်မှန်းခြေ သုံးလေးငါးဆယ်လောက် ပါပါတယ်"ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ်ဆရာဝန်နှင့် မြောက်ဦးမြို့နယ်ဆရာဝန်တို့အား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ရက္ခိုင့်တပ်တော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်နေသော်လည်း ဆက်သွယ်၍ မရသေးသဖြင့် တင်ပြနိုင်ခြင်း မရှိသေးပါ။
AA တပ်ဖွဲ့ဝင်များကိုထိုးပေးနေသည့် ကိုဗစ်ကာကွယ်ဆေးမှာ အိန္ဒိယနိုင်ငံထုတ် COVISHIELD အမျိုးအစားဖြစ်သည်ဟုလည်း သိရသည်။
ကိုဗစ်ကာကွယ်ဆေးထိုးနှံမည့် ဦးစားပေးအုပ်စု ၁၆ ခုထဲတွင်ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)အုပ်စုတွင် ရခိုင်မှ ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်များပါဝင်ကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက သတင်းထောက်များကို ပြောဆိုခဲ့သည်။
နစကကောင်စီက ပေးသည့် ကိုဗစ်ကာကွယ်ဆေးများကို မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တောမြို့နယ်တို့ရှိ ပြည်သူများကို ဦးစားပေးထိုးပေးသွားမည်ဟုလည်း AA ၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မီဒီယာများကိုပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှစတင်ကာ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည့် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့သည် ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလမှစတင်ကာ နားလည်မှုဖြင့် လက်ရှိအချိန်အထိ အပစ်ရပ်စဲထားသည်ဟု သိရသည်။

ဆက်စပ် သတင်းများ