သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မာန်အောင်လေယာဉ်ကွင်းအနီးမှ နေအိမ် ၂လုံးနေရာမှဖယ်မပေးပါက ထောင်ချမည်ဟု ပြည်နယ်ကောင်စီ၏ ခေါ်ယူဖိအားပေးခံရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 966

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၈/ ၂ဝ၂၂
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့လေယာဉ်ကွင်း တိုးချဲ့ရန် မြေနေရာဖယ်ရှားမပေး၍ နှစ်ကြိမ်တိုင်တရားစွဲခံရသူ ရွာသားနှစ်ဦးကို နေရာမှဖယ်ရှားမပေးပါက ထောင်ချမည်ဟု ပြည်နယ်ကောင်စီ၏ခေါ်ယူဖိအားပေးပြောဆိုခြင်းကိုခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖိအားပေးခံရသူ ၂ ဦးမှာ မာန်အောင်မြို့နယ် စမုံတဲအုပ်စု၊ မြတ်မချောင်ကျေးရွာနေ ဦးဖြူသီးခိုင်နှင့် ဦးသာနီတို့ဖြစ်ကြပြီး မာန်အောင်မြို့လေယာဉ်ကွင်းတိုးချဲ့ရာတွင် ပါဝင်နေသည့် မြေနေရာမဖယ်ရှားသဖြင့် ၂ ကြိမ်မြောက် တရားစွဲခံနေရသူများဖြစ်သည်။
၎င်းတို့နှစ်ဦးအား ဇန်နဝါရီ ၂၆ ရက်နေ့က မာန်အောင်အများပိုင်ကုမ္ပဏီရှိရာ မာန်အောင်ဟိုတယ်သို့ ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနှင့်အဖွဲ့ကခေါ်သဖြင့် သွားရောက်တွေ့ဆုံခဲ့ရာ နေရာမှဖယ်ရှားမပေးလျှင် ထောင်ချမည်ဟု ဖိအားပေးဖယ်ရှားခိုင်းသဖြင့် စိတ်မကောင်းဖြစ်မိကြောင်း ဦးဖြူသီးခိုင်က နိရဥ္စရာအား ပြောသည်။
“ အိမ်ဖြိုရင် အိမ်ဖြိုခပါပေးရမယ်၊ ထောင်ပါထပ်ကျရအုန်းမယ်လို့ဆိုတော့ စိတ်မကောင်းဖြစ်မိတယ်။ ဦးလှသိန်းက သူတို့ကိုယ်တိုင်တရားစွဲခိုင်းထားတယ်လို့ပြောတယ်။ သူတို့ပေးသလောက်မယူရင် ထောင်ကျကိုကျမယ်လို့ပြောတယ်။ သိမ်းပစ်လိုက်လို့ရတယ်လို့ပြောတယ်။ မယူဘူးလို့ဆုံးဖြတ်ထားတယ်။ အများပိုင်ကုမ္ပဏီကို ဦးစားပေးပြီး ဦးလေးတို့ကို အနိုင်ကျင့်နေတယ်လို့မြင်တယ်။ မယူရင်ယူအောင် ခြိမ်းခြောက်ဖိအားပေးခံရတယ်လို့မြင်တယ်” ဟုပြောသည်။
ဦးဖြူသီးခိုင်ပိုင်ဆိုင်သည့် သိမ်ကုန်ကွင်း၊ ဦးပိုင်အမှတ်(၄၂) ဥယာဉ်ခြံမြေ ၀ ဒဿမ ရဝ ဧကအား အစိုးရက လျော်ကြေးငွေမှာ (၇) သိန်းခန့်သာပေးပြီး အိမ်၊ ခြံ၊ သီးပင်၊ စားပင်များအတွက် (၅,၁၄၈,၃ဝဝ) ကျပ်ပေးခဲ့ကြောင်း၊ ဦးသာနီပိုင်ဆိုင်သည့် ကွင်းအမှတ်(၈၆၄)၊ သိမ်ကုန်ကွင်းမြေ ဝ ဒဿမ ၉၅ ဧကနှင့် အိမ်၊ ခြံ၊ သီးပင်၊ စားပင်တို့အတွက် ငွေ သိန်း ၁ဝဝ ကျပ် လျော်ကြေးပေးခဲ့သည်ဟု ၎င်းတို့က ပြောသည်။
၄င်းတို့နေထိုင်လာခဲ့သည်မှာ သားစဉ်မြေးဆက် နှစ်ပေါင်း ၁ဝဝ ကျော်ရှိနေပြီဖြစ်သလို အစိုးရကလျော်ကြေးပေးသည့်ငွေမှာလည်း အလွန်နည်းပါးသည့်အတွက် လျော်ကြေးငွေကို ဦးသာနီနှင့် ဦးဖြူသီးခိုင်တို့က လက်မခံခဲ့ဟု သိရသည်။
ယင်းသို့လက်မခံခဲ့သည့်အတွက် လွန်ခဲ့သည့် ၂ဝ၁၅ ခုနှစ်က အမှုဖွင့် တရားစွဲဆိုခံရပြီး ၂၀၁၈ ခုနှစ်တွင် ၄င်းတို့ ၂ ဦးသည် ထောင် (၇)လ ကျခံခဲ့ရသည်ဟု ပြောသည်။
လက်ရှိတွင်လည်း မြေနေရာဖယ်ရှားမပေး၍ တရားစွဲဆိုခံနေရပြီး ယခုထပ်မံကာ ပြည်နယ်ကောင်စီ၏ ထပ်မံဖိအားပေးခံရခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ဦးသာနီတို့ နှစ်ဦး၏ မြေမှာ လယ်ယာမြေဖြစ်သည့်အတွက် လယ်ယာမြေပေါ်တွင် အိမ်ဆောက်နေသည့် သဘောဖြစ်နေကြောင်း၊ ရွာရှိခဲ့သည်ဆိုသည်မှာ ဟုတ်မှန်သော်လည်း အရင်က နေခဲ့သည့် အိမ်ခြေ ၅ဝ ကျော်မှာ လွန်ခဲ့သည့် ၁ဝ နှစ်ခန့်ကပင် ပြောင်းရွှေ့သွားပြီဖြစ်ကာ ၎င်းတို့ နှစ်ဦးတည်းသာကျန်ခဲ့သဖြင့် အစိုးရထံသို့ လက်မှတ်ထိုးတိုင်းကြားချက်ရရှိခဲ့၍ ပထမတစ်ကြိမ်တရားစွဲထောင်ချခဲ့သော်လည်း အိမ်မဖြို၊ ဒုတိယအကြိမ်ထပ်မှန်တရားစွဲ၍ ထောင်ကျမည်မှာ သေချာကြောင်း ပြောသည်။
“သူတို့ကို တရားစွဲထားတာရှိတယ်။ တရားစွဲထားရင် ဆက်လက်ပြီးတော့ အမှုကိုကြည့်ရင် သူတို့ ထောင်ကျမယ်။ ပထမတစ်ခေါက်တရားစွဲပြီးပြီ။ တရားစွဲတဲ့အခါမှာ သူတို့ထောင်ကျခံတယ်။ အိမ်ကိုမဖျက်။ အိမ်ကိုမဖျက်တဲ့အတွက် ငါတို့ ဒုတိယတစ်ကြိမ်တရားစွဲတယ်။ ဒုတိယတစ်ကြိမ်တရားစွဲပြီးတော့ ဥပဒေနဲ့အညီသူတို့ကိုဖယ်ရှားမယ်။ အဲဒါကြောင့် သူတို့မနစ်နာရအောင် မာန်အောင်သူ၊ မာန်အောင်သား၊ မာန်အောင်တကျွန်းလုံးရဲ့အကျိုးစီးပွားအတွက် ဒီလိုလူနှစ်ယောက်တည်းအတွက်နဲ့ ဒီလိုကိုးလို့ကန့်လန့်လုပ်ထားတာကို ဥပဒေအရဖယ်ရှားသွားမယ်”ဟု ဦးလှသိန်းက ဆက်ပြောသည်။
ဦးဖြူသီးခိုင်တို့အနေဖြင့် ယခုနေရာမှ ဖယ်ပေးလိုသော်လည်း ခေတ်နှင့်အညီ ထိုက်တန်သော လျော်ကြေးကိုရမှသာ နေရာမှ ဖယ်ရှားပေးမည်ဖြစ်ကြောင်း၊ သူတို့အား အစိုးရက လျော်ကြေးငွေ သိန်းတစ်ထောင်ပေးမည်ဟု ပြောဆိုနေခြင်းမှာလည်း မဟုတ်မှန်ကြောင်း၊ မိမိတို့မှာ ကန့်လန့်တိုက်နေခြင်းမဟုတ်ကြောင်း၊ ယခုပေးနေသော လျော်ကြေးငွေဖြင့် ယနေ့ပြောင်းရွှေ့လျှင် မနက်ဖြန်နေစရာမရှိဘဲ အတိဒုက္ခရောက်မည်ဖြစ်၍ ထိုက်တန်သောလျော်ကြေးငွေကို တောင်းဆိုနေရခြင်းဖြစ်ကြောင်း ဦးဖြူသီးခိုင်က ပြောသည်။
မာန်အောင်မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်သန်းကလည်း “ အဲဒီနှစ်ယောက်ဟာ အစိုးရလျော်ကြေးပေးတဲ့ဟာကိုယူရမယ်ဆိုရင် သူတို့ဘဝပျက်မယ်။ သူတို့မိသားစုတွေ ဘဝရပ်တည်လို့မရဘူး။ ခေတ်ကာလနဲ့အညီလျော်ကြေးမရဘူးဆိုပြီး မဖယ်ပေးဘူး။ သူတို့ရဲ့အကြောင်းပြချက်ကလည်း မှန်တယ်။ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက အဲဒီဒေသကမြေစျေးကို ထောက်ခံချက်ပေးခဲ့တယ်။ အဲဒီထောက်ခံချက်နဲ့အညီလျော်ကြေးတောင်းခဲ့ကြတယ်။ အစိုးရပေးတာနဲ့ဆိုရင် ဆယ်ဆလောက်ကွာတယ်။ ပေးတာအလွန်တရာနည်းတယ်ဆိုပြီးသူတို့က လက်မခံဘူး။ အစိုးရအနေနဲ့ သင့်တင့်လျောက်ပတ်အောင် ဘာကြောင့်မလုပ်ဆောင်နို်င်တာလဲ။ ဒီလိုတွေဖြစ်နေတဲ့အတွက် မာန်အောင်ကျွန်းမှာနေတဲ့ ပြည်သူပြည်သားတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အဖက်ဖက်ကတိုုးတက်မယ်။ လေယာဉ်ကွင်းရှိမှအဆင်ပြေမှာကို။ ကျွန်းဖြစ်နေတော့”ဟု ပြောသည်။
မာန်အောင်လေယာဉ်ကွင်းကိုတိုးချဲ့မည်ဟုဆိုကာ ဦးသာနီနှင့် ဦးဖြူသီးခိုင်တို့မိသားစုနှစ်စုအပါအဝင် ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်းနှင့် နေအိမ် ၃၀ မှာ လွန်ခဲ့သည့် ၂ဝ၁၅ ခုနှစ် မတ်လ(၅) ရက်နေ့က ကာလပေါက်ဈေးမဟုတ်သည့် လျော်ကြေးငွေအချို့ပေး၍ မြေနေရာဖယ်ရှားခိုင်းရာတွင် ၎င်းတို့မိသားစုနှစ်စုမှာ မဖယ်ရှားဘဲကျန်ရှိနေခဲ့ခြင်းဖြစ်ကြောင်း ဦးဖြူသီးခိုင်နှင့် ဦးသာနီတို့က ပြောသည်။
ယင်းနောက် ၂၀၁၆ ခုနှစ် ဧပြီလ(၄)ရက်နေ့တွင် မာန်အောင်မြို့နယ်မြေစာရင်းဦးစီးမှူး ဦးစောရွှေမောင်က ၎င်းတို့ နှစ်ဦးအား လယ်ယာမြေပေါ်တွင် နေအိမ်ဆောက်လုပ်နေထိုင်သည့်အတွက် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ လယ်ယာ မြေပုံစံ-၇ ကို လက်ဝယ်ရရှိထားရှိ၍ဟုဆိုကာ လယ်ယာမြေဥပဒေပုဒ်မ (၃၅) အရ တရားစွဲဆိုခဲ့ရာ ၂ဝ၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ထောင်ဒဏ်(၇)လ ကျခံခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင် ၄င်းတို့ ၂ ဦးသည် ၂ဝ၂၁ ခုနစ် အောက်တိုဘာ ၂၆ ရက်နေ့တွင် မာန်အောင်တရားရုံးမှ ရာဇဝတ်ကြီးအမှုအဖြစ် ဆင့်ခေါ်စာလက်ခံရရှိခဲ့သဖြင့် ဒုတိယအကြိမ်မြောက် တရားရင်ဆိုင်နေရသေးကြောင်း သိရသည်။
ဓာတ်ပုံ - နေအိမ်ပိုင်ရှင်နှစ်ဦးဖြစ်သည့် ဦးဖြူသီးခိုင်နှင့် ဦးသာနီတို့အား ၂ဝ၁၈ ခုနှစ်က အမှုရင်ဆိုင်နေခဲ့ရချိန် တွေ့ရစဉ်။

ဆက်စပ် သတင်းများ