အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

မောင်တောမြောက်ပိုင်းတွင်ထပ်မံတိုက်ပွဲဖြစ်ပွားမှု AA အတည်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 8.1k

ချစ်အိလှိုင်
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၆/ ၂ဝ၂၂
ရခိုင်ပြည်နယ်အနောက်ဘက်နယ်စပ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ထပ်မံပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရသူ ဦးခိုင်သုခက အတည်ပြု ပြောဆိုသည်။
မြန်မာစစ်တပ်မှ ထပ်မံထိုးစစ်ဆင်လာ၍ ၃ နာရီကြာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆိုသည်။
“ မြန်မာစစ်တပ်ဖက်ကနေပြီး ထပ်ပြီးထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲ ဆက်ဖြစ်နေတာဖြစ်တယ်။ ဒီနေ့ မွန်းလွဲ ၃နာရီမှာ တိုက်ပွဲစဖြစ်တယ်။ ညနေ ၆ နာရီ ၁၅ မိနစ်လောက်မှ တိုက်ပွဲပြီးသွားတာပေါ့။ ဒါပေမယ့်လို့ မြန်မာစစ်တပ် ဘက်က လက်နက်ကြီးတွေနဲ့ ထပ်ပြီးတော့ ဆက်တိုက်ပစ်နေတာတော့ ရှိတယ်ဗျ” ဟု ဦးခိုင်သုခက ပြောသည်။
တိုက်ပွဲဖြစ်ပွားသည့် နေရာမှာ မောင်တောမြို့နယ်၊ မီးတိုက်ရွာ၏အရှေ့ဖက် ၃ ကီလိုမီတာအကွာ၊ လက်ပံတောင်ကြောတွင်ဖြစ်ပြီး ယင်းနေရာကို မြန်မာ စစ်တပ်ဖက်မှ စီးနင်း ဝင်ရောက်နိုင်ရန် ကြိုးစားနေကြောင်း ၎င်းက ဆက်ပြောသည်။
“ အဓိကကတော့ဒီ ဖေဖော်ဝါရီလ ၄ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့တဲ့ ဒီလက်ပံတောင်ကြောကို မြန်မာစစ်တပ်ဖက်က နောက်ထပ်တက်ဖို့အတွက် ကြိုးစားနေတာဖြစ်တယ်။ ဒီနေ့ ဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထိခိုက်ကျဆုံးမှု အသေးစိတ်ကတော့ လောလောဆယ်မသိရသေးဘူးဗျ။ မြန်မာ စစ်တပ်ဖက်က ထိခိုက်ကျဆုံးမှုတော့ရှိတယ်” ဟု ဦးခိုင်သုခက ဆက်ပြောသည်။
၎င်းကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား မေးမြန်းစုံစမ်းရန် နိရဉ္စရာမှ အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းမကိုင်သဖြင့် တိုက်ပွဲနှင့် ပတ်သက်ပြီး တပ်ဖက်မှ သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။
မောင်တောမြောက်ပိုင်းနေ ဒေသခံများ၏ ပြောပြချက်အရ ယနေ့ ညနေ ၈ နာရီခန့်အထိ မြန်မာ စစ်တပ်ဖက်မှ လက်နက်ကြီးပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
လွန်ခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်နေ့ နေ့လယ် ၂ နာရီခန့်က အဆိုပါ မီးတိုက်ကျေးရွာ၏ အရှေ့ မြောက်ဘက် ၃ ဒသမ ၅ ကီလိုမီတာအကွာ လက်ပံတောင်ကြောတွင် ရက္ခိုင့်တပ်တော်(AA) စခန်းတစ်ခုကို ခမရ ၃၅၂ စစ်ကြောင်းတစ်ခုမှ လက်ဦးမှုယူတိုက်ခိုက်မှုကြောင့် အေအေက ကင်းသမား တစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ