ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ယခင်ကတိုက်ပွဲဖြစ်ခဲ့ဖူးသည့်မင်းပြားမင်းပုန်းတောင်တွင် မိုင်းပေါက်၍ ဒေသခံ ၁ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 4.9k


မြထွီးသျှင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၀/၂၀၂၂
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် သလူချောင်းကျေးရွာအနီး မင်းပုန်းတောင်တွင် မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မိုင်းထိ၍သေဆုံးသွားသူမှာ မင်းပြားမြို့နယ် မင်းပုန်းတောင်အောက်တွင်ရှိသည့် သလူချောင်းကျေးရွာမှ အသက် ၅၂ အရွယ် ဦးမောင်သန်းထွန်းဖြစ်သည်။
သူသည် ဖေဖော်ဝါရီလ ၈ ရက်က မင်းပုန်းတောင်ပေါ်သို့ထင်းခွေသွားခဲ့ပြီးနောက် ၃ ရက်ကြာပျောက်ဆုံးနေသဖြင့် မိသားစုနှင့်ရွာသားများက တောင်ပေါ်သို့လိုက်လံရှာဖွေရာမှ မိုင်းပေါက်ကွဲ၍သေဆုံးနေသည့်သူ၏အလောင်းကို ယနေ့ ဖေဖော်ဝါရီလ ၁ဝ ရက် မနက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်း ဖုံသာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်လှကနိရဥ္စရာသို့ပြောသည်။
“မိုင်းကွဲသံတော့ကြားရတယ်။ ကြားတော့ အဲဒီနေ့ညဘက် သူကမရောက်လာဘူး။ နေဝင်သွားတော့ ရှာဖို့မရလိုက်လို့ မနက်ကျရင် ရှာကြတယ်။ မနေ့ကလည်း ရှာတယ်။ ဒီနေ့မှတွေ့တာ”ဟုပြောသည်။
သေဆုံးသူတွင် ခေါင်းတစ်ပိုင်း၊ ခြေတစ်ပိုင်းဖြင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ကြေမွကာသေဆုံးနေပြီး သူ့အလောင်းအား တွေ့ရှိသည့်နေရာတွင်ပင် မြှုပ်နှံခဲ့ကြောင်း သလူချောင်းကျေးရွာဒေသခံ ဒေါ်နုစံဖြူက ပြောသည်။
“အလောင်းကတခြားစီဖြစ်သွားတော့ မယူခဲ့ရတော့ဘူး။ အဲမှာပဲမြှုပ်ထားခဲ့ရတယ်” ဟု ပြောသည်။
မင်းပုန်းတောင်သည် အနီးအနားတွင်ရှိသည့် ကျေးရွာများမှ လုပ်ကိုင်စားသောက်ရေးအတွက် အဓိကမှီခိုအားထားနေကြရသည့် တောင်တစ်ခုဖြစ်ပြီး ၎င်းတောင်တွင်ရှိသည့် မိုင်းများကိုလည်း ဒေသခံများက ရှင်းလင်းပေးစေချင်နေကြကာ မိုင်းအန္တရာယ်ကိုလည်း အထူးစိုးရိမ်မှုရှိနေကြသည်။
ဒေါ်နုစံဖြူက “အဲဒီတောင်ကိုမှီခိုပြီး အဒေါ်တို့ကစားသောက်နေကြရတော့ မိုင်းတွေထိကြတယ်။ အရင်တုန်းကတစ်ယောက်တော့ မသေခဲ့ဘူး။ ဒီမိုင်းတွေကိုရှင်းလင်းပေးစေချင်ပါတယ်။ ဒီမိုင်းတွေကို မရှင်းလင်းပေးရင် ဘယ်လိုစားသောက်နေကြမလဲ။ ကျမတို့ရွာသားတွေက ဒုက္ခနဲ့တွေ့နေရပြီ”ဟု ပြောသည်။
ရခိုင်တွင် တိုက်ပွဲများပြင်းထန်ခဲ့ချိန်က မင်းပုန်းတောင်တွင် စစ်တပ်နှင့် AA တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ထိုအချိန်မှစ၍ ၎င်းတောင်တွင် စစ်တပ်ကနေရာယူတပ်စွဲခဲ့ရာ ထွက်ခွာသွားသည်မှာ ၁ လခွဲခန့်သာရှိသေးသည်ဟု ဒေသခံများက ပြောသည်။
ရခိုင်တွင် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလအထိ မြေမြှုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းကျန်ပစ္စည်းပေါက်ကွဲမှုကြောင့် လူပေါင်း ၄၉ ဦးသေဆုံးပြီး ရဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးက ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ