သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်တွေတွင် ကြက်သားစားသုံးမှုအတွက် တစ်လလျှင် ကျပ်သိန်းပေါင်း ၁ ထောင်ကျော်ဖိုး ပြည်မဘက်မှ မှာယူနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 9.1k

ပိုးဝါ
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၁/၂၀၂၂
ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေမြို့တွင် ကြက်သားစားသုံးမှုအတွက် တစ်လလျှင် ကျပ်သိန်းပေါင်း ၁ ထောင်ကျော်ဖိုးရှိသည့် ကြက်များကို ပြည်မဘက်မှ မှာယူနေရကြောင်း သိရသည်။
ကြက်အဓိက ရောင်းချသည့် စစ်တွေမြို့ရှိ ဘုမေကျေးရွာတွင် ကြက်ရောင်းဝယ်ရေးဒိုင်လုပ်ငန်းလုပ်ကိုင်သူ ၅ ဦးခန့်ရှိပြီး ကြက်ဒိုင်တစ်ဒိုင်တွင် တစ်ပတ်လျှင် ပြည်မဘက်မှ ကြက်ကောင်ရေ ၇၀၀ မှ ၁,၅၀၀ ဝန်းကျင်ကြား မှာယူရကြောင်း ကြက်ရောင်းဝယ်ရေးလုပ်ကိုင်သူများက ပြောသည်။
ကြက်ဒိုင်ပိုင်ရှင် မာမတ်ရှော်ဘီက "တစ်ပတ်ကို ကားတစ်စီး။ တစ်စီးမှာ ကောင်ရေ ၇၀၀/၈၀၀/၁,၀၀၀။ တစ်ပတ်မှာ ကောင်ရေ ၁,၀၀၀ ကုန်ရင်လည်း ကုန်တယ်။ မကုန်ရင်လည်း မကုန်ဘူး"ဟု ပြောသည်။
အဆိုပါကြက်များကို တောင်ကြီး၊ ပြင်ဦးလွင်နှင့် ပဲခူးမြို့တို့မှ အဓိကဝယ်ယူကြပြီး စစ်တွေမြို့ ဘုမေကျေးရွာကြက်စျေးမှတဆင့် စစ်တွေတစ်မြို့လုံးသို့ ဖြန့်ချိရောင်းချနေခြင်းဖြစ်သည်။
ရခိုင်တွင် ကြက်မွေးမြူရေးလုပ်ကိုင်ရန် ငွေကြေးအရင်းအနှီးများပြားသည့်အတွက် ပြည်တွင်းမွေးမြူရေးကို တွင်ကျယ်စွာမလုပ်ကိုင်နိုင်ဘဲ ပြည်မဘက်မှ အဓိကမှာယူနေရခြင်းဖြစ်ကြောင်း ကြက်ရောင်းဝယ်ရေးလုပ်ကိုင်သည့် ဒေါ်ချိုက နိရဥ္စရာကို ပြောသည်။
"ဆီစျေးတက်တာတွေနဲ့ ပထမဝယ်တာနဲ့ အခုဝယ်တာ တစ်ကောင်မှာ ၂,၀၀၀ လောက်ကွာတယ်ပေါ့။ ဒီမှာသာမွေးရင် ပိုအဆင်ပြေနိုင်တယ်။ အန်တီတို့မှာက ဘယ်လိုပြောမလဲ အရင်းမရှိလို့။ မွေးမြူရေးဌာနကသာ ကူညီလို့ရှိရင် ကိုယ့်ဟာကိုလုပ်မယ်။ ဟိုကလည်း မှာစရာမလိုဘူး" ဟု ပြောသည်။
လက်ရှိတွင် စစ်တွေရှိဘုမေကြက်ဒိုင်များမှ တစ်ပတ်လျှင် ကြက်ကောင်ရေ ၄ ထောင်ခန့်မှ ၅ ထောင်ကျော်အထိ ရောင်းချနေရကြောင်း သိရသည်။
ယင်းသို့ရောင်းချရာတွင် ဥစားကြက်အမျိုးအစားကို အဓိကရောင်းချနေရပြီး CP နှင့် အိမ်ကြက်(ဒေသ ကြက်)များကိုလည်း ရောင်းချလျက်ရှိသည်။
ဥစားကြက်တစ်ကောင်လျှင် ကျပ် ၆ ထောင်ကျော်မှ ၇ ထောင်ကျော်ကြား၊ CP ကြက်တစ်ကောင်လျှင် ကျပ် ၃ ထောင်ကျော်မှ ၄ ထောင်ကျော်ကြားနှင့် အိမ်ကြက်(ဒေသ ကြက်)တစ်ကောင်လျှင် ကျပ် ၇ ထောင်ကျော်မှ ကျပ် ၁ သောင်းအထက်အထိရောင်းချရသည်ဟုလည်း ကြက်ဒိုင်ပိုင်ရှင်များက ပြောသည်။
ယင်းအပြင် ဘုမေကျေးရွာကြက်ဒိုင်များမှ လက်ကားဝယ်ယူသူများသည် ရခိုင်ရှိ အခြားမြို့အချို့သို့တင်ပို့ရောင်းချမှုများလည်းရှိနေကြောင်း သိရသည်။

ဆက်စပ် သတင်းများ