ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ် ဘကကျောင်းကော်မတီအတွင်းရေးမှူး စစ်တွေရွှေစေတီဆရာတော် အိန္ဒိယနိုင်ငံ တက္ကသိုလ်တစ်ခု၏ ဒေါက်တာဘွဲ့ ဆက်ကပ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.1k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၂/၂၀၂၂
ရခိုင်ပြည်နယ် ဘကကျောင်းကော်မတီအတွင်းရေးမှူးဖြစ်သည့် စစ်တွေမြို့မှ ရွှေစေတီကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တအရိယဝံသသည် အိန္ဒိယနိုင်ငံမှတက္ကသိုလ်တစ်ခု၏ ဒေါက်တာဘွဲ့ဆက်ကပ်ခြင်းကို ခံလိုက်ရသည်ဟု သိရသည်။
အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ရှိ Indian Institute of Oriental Heritage ၏ Hony.Doctor Of Oriental Learning (Ph.D) in Buddhism ဘွဲ့ကို ဖေဖော်ဝါရီ ၁၉ ရက်တွင် အဆိုပါတက္ကသိုလ်၌ဆက်ကပ်ခံခဲ့ခြင်းဖြစ်ပြီး ဆရာတော်ကိုယ်တိုင် ကြွရောက်လက်ခံခဲ့သည်ဟု သိရသည်။
ဆရာတော်သည် အာရှတိုက်အပါအဝင် အမေရိကန်စသည့် နိုင်ငံပေါင်း ၇ နိုင်ငံကို ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အတွင်း သွားရောက်ကာ စီမံခန့်ခွဲမှုသင်တန်း၊ ခေါင်းဆောင်မှုသင်တန်းများကို လေ့လာခဲ့ရပြီး လူသားချင်းစာနာမှုဆိုင်ရာကူညီကယ်ဆယ်မှုများနှင့် ဆင်းရဲကျပ်တည်းသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဘကပညာရေးကို လုပ်ဆောင်နေသည့်အတွက် ယခုကဲ့သို့ Ph.D ဘွဲ့ ဆက်ကပ်ခံရခြင်းဖြစ်ကြောင်း ဆရာတော်ဘဒ္ဒန္တအရိယဝံသက နိရဥ္စရာကို မိန့်သည်။
"အခုကတော့ ဆရာတော်ကို ခွန်အားဖြည့်တယ်လို့ ပြောရမယ်။ အိန္ဒိယနိုင်ငံ တက္ကသိုလ်တစ်ခုကနေ ဆရာတော်ရဲ့လုပ်ဆောင်ချက်ကို အသိမှတ်ပြုချီးမြှောက်ပေးတဲ့အတွက် အဓိက ရခိုင်မှာက ဆင်းရဲနေတယ်။ ဆင်းရဲနေတဲ့နေရာတွေမှာ လိုအပ်တဲ့နေရာတွေမှာ အခုစွမ်းအင်တွေနဲ့ ဆရာတော်ရဲ့အလုပ်တွေ ပိုအောင်မြင်လာမယ်လို့ ယုံကြည်မိပါတယ်"ဟု ပြောသည်။
ဆရာတော်သည် စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်ရှိ ရွှေစေတီဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ဦးစီးကာ KG တန်းမှ ၁၀ တန်းထိ ၂၂ နှစ်ကြာ ဆင်းရဲကျပ်တည်းသော ကလေးငယ်များကို ကိုယ်ထူကိုယ်ထပညာသင်ကြားပေးနေပြီး ရခိုင်ပြည်နယ်ဘကကျောင်းများဖွံ့ဖြိုးရေးကော်မတီတွင် အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်နေသော ဆရာတော်တစ်ပါးဖြစ်သည်။
ဘကကျောင်းပညာရေးကို အထင်သေးနှိမ့်ချမှုများရှိနေချိန် ဆရာတော့်ကို ယခုကဲ့သို့ဒေါက်တာဘွဲ့ချီးမြှင့်ခြင်းမှာ ဘကပညာရေးဖွံ့ဖြိုးရေးအတွက် ရှေ့ဆက်ရန် ခွန်အားဖြစ်စေကြောင်း ရွှေစေတီဆရာတော်ဘဒ္ဒန္တအရိယဝံသက ဆက်လက်မိန့်သည်။
"အခုဆို ဆရာတော်တို့ကို ဘယ်လောက်ပဲတိုက်တိုက်၊ ဘယ်လောက်ပဲ အထင်သေးသေး ဆရာတော်တို့ဟာ အိန္ဒိယနိုင်ငံက တက္ကသိုလ်တစ်ခုကတောင် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ပေးတဲ့အတွက် ဘကကျောင်းအနေနှင့် ဆရာတော်တို့ဟာ အားငယ်စရာလည်းမလို၊ ကမ္ဘာကတောင် အသိအမှတ်ပြုလာတယ်ဆိုတာကို အများကြီးသည်းခံပြီး ရှေးဆက်သွားရမှာ ဖြစ်ပါတယ်"ဟု ပြောသည်။
ရခိုင်တွင် ယခုအိန္ဒိယနိုင်ငံကပေးအပ်သည့် လူသားချင်းစာနာမှု၊ ပညာရေးဆိုင်ရာနှင့်ပတ်သက်သည့် ဒေါက်တာဘွဲ့ကို ပထမဆုံးအကြိမ် ဆက်ကပ်ခံရခြင်းဖြစ်သည်ဟု ဆရာတော်က မိန့်သည်။
ဆရာတော်သည် ရွှေစေတီဘုန်းတော်ကြီးကျောင်းတွင် ရခိုင်ပြည်နယ် အနယ်နယ်အရပ်ရပ်မှ စစ်ဘေးရှောင်များကိုလည်း ကူညီစောင့်ရှောက်ပေးထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ