နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၃ / ၂၀၂၂
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်ရှိ အုန်းသီးကုန်ကြမ်းမှ ကုန်ချော ၆ မျိုးအထိထုတ်လုပ်နိုင်သော စက်ရုံသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဈေးကွက်မရှိ၍ ကုန်ချောများ ထုတ်လုပ်နိုင်ခြင်းမရှိဖြစ်နေကြောင်း စက်ရုံတာဝန်ခံ ဦးအောင်သန်းက နိရဥ္စရာကိုပြောသည်။
“အဓိကကတော့ဈေးကွက်ပေါ့။ ဈေးကွက်မရှိရင် အလုပ်လုပ်လို့မ၇ဘူး။ ခုကဈေးကွက်အနေအထားက လုံး၀ကျတဲ့ဘက်ကိုရောက်နေတယ်။ ဒီအချိန်က ဈေးကွက်ကောင်းရမယ့်အနေအထားကိုရောက်နေပြီလေ။ ဈေးကွက်ရဲ့ လိုအပ်ချက်ကများလေ ကုန်ထုတ်လုပ်မှုက နည်းလေပါပဲ။ ဈေးကွက်ကောင်းဖို့ကတော့ လက်ရှိအနေအထားမှာ လမ်းပန်းဆက်သွယ်ရေးက ဟိုတုန်းကဆိုတော့ သွားရလာရတာအဆင်ပြေတယ်။ လိုင်စင်လည်းရတယ်လေ။ ခေတ်ကာလအနေနဲ့ သွားရေးလာရေးခက်ခဲလာတယ်” ဟုပြောသည်။
အဆိုပါစက်ရုံသည် မာန်အောင်မြို့နယ်၊ သိမ္ဘလအုပ်စု၊ ဇီးတောကျေးရွာ ပြည်ချောင်းကမ်းနားတွင် ၂၀၁၈ ခုနှစ်မှစတင်ကာ မာန်အောင်၇တနာအမည်ဖြင့်တည်ဆောက်ထားခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အတွင်းတွင် စက်ရုံလည်ပတ်ခဲ့သည်ဟု သိ၇သည်။
အဆိုပါစက်ရုံတွင်လိုအပ်သည့်အုန်းသီးကုန်ကြမ်းမှာ အခက်အခဲမရှိသော်လည်း ကုန်ချောထုတ်လုပ်နိုင်ခြင်းမရှိ၍ စက်ရုံပိုင်ရှင်တွင် ဆုံးရှုံးနစ်နာမှုများလည်းဖြစ်ပေါ်နေသည်ဟု သိ၇သည်။
အလားတူ အဆိုပါစက်ရုံမလည်ပတ်နိုင်သောကြောင့် ဒေသခံအုန်းသီးခြံစိုက်ပျိုးသူများတွင်လည်း အလုပ်မဖြစ်သဖြင့် ဆင်းရဲနွမ်းပါးမှုဒဏ်က ရုန်းထွက်နိုင်မည်မဟုတ်ဟု မာန်အောင်မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်သန်းက ပြောသည်။
“စက်ရုံရှိပြီး မလည်ပတ်နိုင်တာက လုပ်ငန်းရှင်တွေအတွက် အကျိုးအမြတ်မရသလို အုန်းခင်းလုပ်တဲ့ တောင်သူတွေအတွက်လည်း မျှော်လင့်ထားသလိုဖြစ်မလာတော့ သားသမီးတွေပညာရေးကအစ အခက်ခဲရှိပြီး ဆင်းရဲနွမ်းပါးတဲ့ဒဏ်က ရုန်းထွက်နိုင်မှာမဟုတ်ဘူး။ ကျနော်ကတော့ ဒီစက်ရုံကိုလည်ပတ်စေချင်တယ်။ အဲ့လိုလည်ပတ်နိုင်အောင် သက်ဆိုင်ရာ အစိုး၇တွေက လိုအပ်ချက်တွေကို ကူညီပေးစေချင်ပါတယ်”ဟု ပြောသည်။
အဆိုပါစက်ရုံတွင် အုန်းသီးခြောက်ကုန်ကြမ်းမှ ဟင်းချက်ဆီ၊ အုန်းနို့၊ အုန်းစိမ်းအချိုရည်၊ အုန်းသီးခွံမှထွက်သောအမျှင်များအားကျစ်ပြီး မွေ့ယာထုတ်လုပ်မည့်နေရာတွင်အသုံးပြုခြင်းနှင့် ထွက်လာသောအမှုန့်အား နွားချေးနှင့်ရောပြီး organic ဓာတ်မြေသြဇာ ထုတ်လုပ်ခြင်းစသည့်ကုန်ချောများကို ထုတ်လုပ်နိုင်ကြောင်း သိ၇သည်။
မာန်အောင်ဒေသသည် ရခိုင်တွင် အုန်းသီးအများအပြားထွက်ရှိသည့်ဒေသတစ်ခုဖြစ်သော်လည်း ဒေသတွင်း ဈေးကွက်မရှိသည့်အတွက် လက်ရှိတွင် အုန်းသီးခြောက်တစ်လုံးကို ကျပ် ၁၅၀ မှ ၂၀၀ ကြားသာ ပေါက်ဈေးရှိသည်ဟု သိ၇သည်။
ဓာတ်ပုံ - မာန်အောင်အုန်းသီးခြောက်စက်ရုံအား တွေ့၇စဉ်။ / Photo - အောင်လင်းထွန်း/ နိရ ဉ္စရာ