Preview

ရခိုင်တွင် ငါးသလောက်ထိန်းသိမ်းရေးဧရိယာအဖြစ် မြေပုံမြို့နယ်က ဧက ၂ ထောင်ကျော်ကို စတင်သတ်မှတ်

ဖေဖော်ဝါရီ ၂၅/ ၂၀၂၂ | ကြည့်ရှုသူ :9531
ရခိုင် သတင်း
မြထွီးသျှင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၅/၂၀၂၂
ရခိုင်ပြည်နယ်တွင် ငါးသလောက်မျိုးစိတ်၊ ငါးသယံဇာတ ရေရှည်တည်တံ့လာစေရန်အတွက် ငါးသလောက်ထိန်းသိမ်းရေးဧရိယာအဖြစ် မြေပုံမြို့နယ် မင်းကြောင်းမြစ်အတွင်းရှိ ဧက ၂ ထောင်ကျော်ကို စတင်သတ်မှတ်ထားကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိ၇သည်။
သတ်မှတ်ထားသည့်ဧရိယာအတွင်း နှစ်စဉ် ဧပြီလ ၁ ရက်မှ မေလ ၁၃ ရက်အထိနှင့် စက်တင်ဘာလ ၁ ရက်မှ အောက်တိုဘာလ ၃၁ ရက်အထိ တစ်နှစ်လျှင် ၂ ကြိမ် ငါးသလောက် ငါးမျိုးများကို ဖမ်းဆီးခြင်းမပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနက တားမြစ်ထားကြောင်း သိ၇သည်။
အဆိုပါတားမြစ်ချက်ကို လိုက်နာခြင်းမရှိပါက ရခိုင်ပြည်နယ်ရေချိုငါးလုပ်ငန်း ဥပဒေအရ အရေးယူခြင်းခံ၇မည်ဟုလည်း ဆိုသည်။
ယင်းဥပဒေတွင် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁ နှစ်ထက်မပိုသောပြစ်ဒဏ်နှင့် ငွေဒဏ် ကျပ် ၁ သိန်းကိုဖြစ်စေ၊ ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ခံရနိုင်သည်ဟု သိ၇သည်။
လက်ရှိတွင် အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံတကာဈေးကွက်အတွင်းသို့ ငါးသလောက်တင်ပို့နိုင်မှုရာခိုင်နှုန်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၆၅ ရာခိုင်နှုန်းနှင့် အိန္ဒိယနိုင်ငံသည် ၃၂ ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံသည် ၃ ရာခိုင်နှုန်းဖြင့် တင်ပို့နိုင်မှုအနည်းဆုံးနိုင်ငံဖြစ်နေသည်ဟု ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဦးက နိရဥ္စရာသို့ပြောသည်။
“တို့နိုင်ငံကတော့ အကျိုးအမြတ်၇တာနည်းတယ်ဆိုတာကတော့ တို့နိုင်ငံက ငါးသလောက်ကိုထိန်းသိမ်းတာ အားနည်းတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ငါးသလောက် ရောင်းချတင်ပို့နိုင်မှု ၃ ရာခိုင်နှုန်းတွင်လည်း ၇ခိုင်ပြည်နယ်မှ သုည ဒသမ ၅ ရာခိုင်နှုန်းခန့်သာပါဝင်နေပြီး ဧရာ၀တီတိုင်းဒေသကြီးတွင် တင်ပို့ရောင်းချနိုင်မှုအားကောင်းကြောင်း ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိ၇သည်။
ရခိုင်ပြည်နယ်တွင် ငါးသလောက်သားပေါက်ချိန်၌ ကျားပိုက်များအတွင်းသို့ သားပေါက်များတိုးမိလေ့ရှိပြီး ငါးရစ်ငါးသန်မဖမ်းရရာသီတွင်လည်း စည်းကမ်းမဲ့ဖမ်းဆီးမှုတို့ကြောင့် ကြီးထွားချိန်မရဘဲ ဆုံးရှုံးမှုများရှိခဲ့ရာ တစ်နှစ်ထက်တစ်နှစ် ငါးသလောက်ရှားပါးမှုနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်ဟု သိ၇သည်။
ယင်းကြောင့် နိုင်ငံတကာဈေးကွက်ရှိသည့်ငါးသလောက်ရေထွက်ကုန်မှ နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိစေရန်အတွက် ရခိုင်ပြည်နယ်တွင် ယခုကဲ့သို့ထိန်းသိမ်းရေးဧရိယာအဖြစ် သတ်မှတ်ထား၇ခြင်းဖြစ်သည်ဟုလည်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနက ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ငါးသလောက်ထိန်းသိမ်းရေးဧရိယာသည် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အပါအဝင် နေရာ ၁၁ ခုရှိပြီး ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ဘက်တွင်လည်း ထိန်းသိမ်းဧရိယာများသတ်မှတ်ရန် စမ်းသပ်လေ့လာမှုများ လုပ်ဆောင်နေပြီဟုလည်း သိ၇သည်။
#သဘာဝသယံဇာတ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.