ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မာန်အောင်မြို့နယ် ရဲကျွန်းတွင် မူးယစ်အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့သူများကို ULA သံသယဖြင့် ရဲနှင့်စစ်တပ်က လိုက်လံစုံစမ်းနေ၍ တိမ်းရှောင်နေရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 9.3k

ပိုးဝါ
နိရဥ္စရာ၊ မတ် ၁ / ၂၀၂၂
ရခိုင်ပင်လယ်ကမ်းရိုးတမ်းအထဲမှ အစွန်ဆုံးကျသည့် ကျွန်းများအထဲမှ တစ်ကျွန်းဖြစ်သည့် မာန်အောင်မြို့နယ် ရဲကျွန်းတွင် မူးယစ်ဆေးဝါးအသိပညာပေးဟောပြောခဲ့သူများကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA)နှင့်ဆက်စပ်သည်ဟုဆိုကာ ရဲနှင့်စစ်တပ်က လိုက်လံစုံစမ်းမှုများရှိနေ၍ တိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောဆိုသည်။
ဖေဖော်ဝါရီ ၂၆ ရက်က မာန်အောင်မြို့နယ်အတွင်းမှ လူငယ်များနှင့် လတ်ပိုင်းအရွယ် လူ ၁၀ ဦးခန့်က စုပေါင်းကာ မာန်အောင်မြို့၏ တောင်ဘက်တွင်တည်ရှိသည့် ရဲကျွန်းတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေးမှုပြုလုပ်ခဲ့သည်ဟု သူတို့က ပြောဆိုသည်။
အဆိုပါဟောပြောပွဲမှာ ULA နှင့်ပတ်သက်မှုရှိသည်ဟုဆိုကာ စစ်သားနှင့် ရဲများက ဖေဖော်ဝါရီလ ၂၆ ရက်မှစတင်ကာ နေ့ရော၊ ညပါ မာန်အောင်မြို့နယ်က နေအိမ်အချို့ကို လာရောက်စုံစမ်းမှုများရှိနေကြောင်း တိမ်းရှောင်နေရသူတစ်ဦးက နိရဥ္စရာကိုပြောသည်။
"အခုချိန်မှာက ရဲကျွန်းမှာ သောက်စားတာတွေရှိတယ်။ မူးယစ်ကြတယ်။ ပြဿနာဖြစ်တာတွေလည်း ရှိတယ်။ ဒါတွေကို လက်ရှိ စစ်ကောင်စီကလည်း ထိထိရောက်ရောက် ဘာမှ ဟန့်တားနိုင်တာမရှိဘူး။ တရားဥပဒေအရလည်း ဘာမှထိထိရောက်ရောက်အရေးယူတာ မရှိဘူး။ ဒါကို ကျွန်တော်တို့ ဝိုင်းဝန်းဖွဲ့စည်းပြီး ဒါတွေကို စေတနာအားဖြင့် ကိုယ့်ရပ်ကိုယ့်ရွာက အကောင်းဆုံးတစ်ခုဖြစ်အောင် သွားရောက်ဟောပြောကြတာပါ။ အဲဒီဒေသမှာနေထိုင်တဲ့ ပြည်သူတွေအားလုံး ဝိုင်းဝန်းကူညီကြဖို့၊ ပြောပြကြဖို့ ကျွန်တော်တို့သွားပြီးပြောပြကြတာရှိတယ်။ ဒါကို ULA က ဟောပြောပွဲ ဆင်းလုပ်တယ်ဆိုပြီး ကျွန်တော်တို့ကို လိုက်ဖမ်းနေပါတယ်"ဟု ပြောသည်။
အိမ်များကို ဝင်ရောက်စစ်ဆေးရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် စစ်သားနှင့် ရဲအင်အား ၃၀ ခန့်ပါဝင်ပြီး ထိုသို့ရှာဖွေနေသဖြင့် မိသားစုဝင်များနှင့် ပြည်သူလူထုအကြား အထိတ်တလန့် ဖြစ်နေရကြောင်း မိသားစုဝင်များက ပြောသည်။
အမည်မဖော်လိုသည့် တိမ်းရှောင်နေသူတစ်ဦးက "ကျွန်တာ်တို့ ULA/AA ကလည်းမဟုတ်ပါဘူး။ ပြည်သူတစ်ယောက်ပါ။ ပြည်သူက ပြည်သူ့အလုပ်သဘောအရ တစ်ယောက်ကိုတစ်ယောက် ကူညီပံ့ပိုးတဲ့အနေအထားနဲ့ ၀ိုင်းဝန်းပြီး ဟောပြောပွဲလုပ်ကြတာပါ။ အခု အိမ်တွေကို လိုက်ရှာတော့ ကျနော်တို့က ထိပ်တိုက်အတွေ့မခံရဲဆိုတာက သူတို့ ကျွန်တော်တို့ ဘယ်လိုပုံစံမျိုးလုပ်မယ်ဆိုတာကို မသိဘူးလေ။ အဆက်ဆက်ကလည်း လုပ်လာတာတွေရှိတော့ ကျွန်တော်တို့ ဘယ်လိုပုံစံမျိုးနဲ့မှ အတွေ့မခံရဲပါ" ဟု ပြောသည်။
မာန်အောင်မြို့နယ်အတွင်း ကျောင်းသားလူငယ်များသည် ယခုနောက်ပိုင်း မူးယစ်ဆေးများ သုံးစွဲမှုများ ရှိလာနေပြီး ယခုထက်ပိုကာ စာရိတ္တပျက်ယွင်းမှုများမရှိစေရအောင် ယခုကဲ့သို့ အသိပညာပေးမှုများကို ပြုလုပ်ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
ရဲကျွန်းမှာ တောင်ပိုင်း /မြောက်ပိုင်းဟူ၍ ရွာနှစ်ရွာရှိပြီး ရဲကျွန်းတောင်ပိုင်းတွင် အိမ်ခြေ ၂၅၀ ၊ လူဦးရေ ၈၂၃ နှင့် ရဲကျွန်း မြောက်ပိုင်းမှာ အိမ်ခြေ ၃၀၁ အိမ်၊ လူဦးရေ ၁,၄၀၀ ခန့်ရှိကာ ဆွေးနွေးပွဲကို တစ်ရွာမှ လူ ၁၀၀ ခန့်စီ တက်ရောက်ခဲ့သည်ဟု သိရသည်။
ယင်းနေ့ကဟောပြောပွဲသို့သွားရောက်မည့်သူများကို မော်တော်စက်လှေဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည့် မာန်အောင်မြို့နယ် ချောင်းဝကျေးရွာမှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ ဦးဦးသိန်းထွန်း (၄၂ နှစ်)ကို ဖေဖော်ဝါရီလ ၂၆ ရက် ညက စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်အင်အား ၃ဝ ခန့်က ခေါ်ဆောင်သွားပြီး နောက်တစ်နေ့ ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ်တွင် ပြန်လွှတ်ပေးခဲ့သည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ