Preview

ကျောက်တော်တွင် နေအိမ် ၅ လုံး၊ စပါးအိတ် ၃၀၀ ခန့်နှင့် ရွှေထည်များ မီးလောင်ပျက်စီးဆုံးရှုံး

မတ် ၀၃/ ၂၀၂၂ | ကြည့်ရှုသူ :6843
ရခိုင် သတင်း
ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၂/ ၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်တလုံးကျေးရွာတွင် ယနေ့ ညနေက နေအိမ် ၅ လုံး၊ စပါးအိတ် ၃၀၀ ခန့်နှင့် ရွှေထည်များ မီးလောင်ပျက်စီးဆုံးရှုံးသွားကြောင်း သိ၇သည်။
ယနေ့ မတ်လ ၂ ရက် ညနေ ၅ နာရီခွဲခန့်တွင် အဆိုပါကျေးရွာရှိ ဦးမောင်ဝေဖြိုးတို့နေအိမ်ထင်းမီးဖိုမှတဆင့် မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။
မီးစတင်လောင်ခဲ့သည့်နေအိမ်နှင့် အိမ်နီးနားချင်းဖြစ်သူ ကိုညီညီဇော်က “မီးလောင်တာကိုမြင်တာနဲ့ ငြှိမ်းသတ်ချိန်တောင်မ၇လိုက်ဘူး။ ထက်ဝက်လောက် လောင်သွားပါပြီ” ဟုပြောသည်။
မီးလောင်မှုကြောင့် ဦးမောင်စိန်ညွန့်၊ ဦးမောင်ဝေဖြိုး၊ ဦးသောကြာ၊ ဦးကျော်မိုးဆန်းနှင့် ဦးမောင်ဖြူလှ၏နေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟု သိ၇သည်။
ယင်းအပြင် ဦးမောင်ဖြူလှတွင် စပါးအိတ် ၃၀၀ ခန့်သိုလှောင်ထားသော စပါးကျီ ၁ ခု၊ ရွှေထည်ပစ္စည်း ၄ ကျပ်နှင့် ငွေသား ကျပ်သိန်း ၂၀ တို့လည်း မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟု သမီးဖြစ်သူ မဖြူနှင်းဝေက ပြောသည်။
“ဘာမှမရလိုက်ပါဘူး။ ရွှေတွေငွေတွေ အကုန်ပါသွားပါတယ်” ဟု ပြောသည်။
ကျောက်တလုံးကျေးရွာသည် ကျောက်တော်မြို့မှ ၃ မိုင်ခန့်ကွာဝေးသဖြင့် မီးသတ်ကားများရောက်လာချိန်၌ နေအိမ်များအားလုံး ပြာကျသွားပြီဟု ရွာသားများက ပြောသည်။
ရွာသားများ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၁ နာရီအတွင်း မီးငြိမ်းသွားခဲ့သည်ဟုလည်း ဆိုကြသည်။
အဆိုပါမီးလောင်မှုကြောင့် ဦးမောင်ဝေဖြိုး၏ဇနီးအပါအဝင် အမျိုးသမီး ၂ ဦးတို့မှာ သတိမေ့ပြီး နှလုံးခုန်မြန်ခြင်းများကြောင့် ကျောက်တော်မြို့ သရက်တပင်ဆေးခန်းသို့အရေးပေါ်ပို့ဆောင်လိုက်ရသည်ဟု သိ၇သည်။
အဆိုပါဖြစ်စဉ်ကြောင့် လူဦးရေ ၂၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်နေကြပြီး နီးစပ်ရာ အသိမိတ်ဆွေများနှင့် ဆွေမျိုးများအိမ်တွင် ယာယီခိုလှုံနေရသည်ဟု သိ၇သည်။
၇ခိုင်တွင် ယခုနှစ် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလ ၂ လအတွင်း မီးလောင်မှုဖြစ်ပွားခဲ့မှုများကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂၆ လုံး၊ ကျပ်သိန်း ၅၀၀ တန်ဖိုးရှိ ကား ၁ စီးနှင့် ဂိုဒေါင် ၂ လုံးတို့လည်း ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟု ပြည်နယ်မီးသတ်တပ်ဖွဲ့စာရင်းအရ သိ၇သည်။
ယခုကာလသည် ခြောက်သွေ့သည့် ပွင့်လင်းရာသီဖြစ်လာပြီဖြစ်၍ မီးကို အထူးသတိပြုကြရန်လည်း မီးသတ်ဌာနက သတိပေးထားသည်။
#မီးဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.