ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးသွားသည့် မူဆလင်များအနက် လူဦးရေ ၇၀၀ ကျော်ကို ပြန်လည်လက်ခံရန်ရှိသည်ဟု ရခိုင်ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက နိရဥ္စရာအား ပြောသည်။
“ကျွန်တော်တို့ လူ ၇၀၀ ကျော်လောက် ဒီကနေပြေးသွားတဲလူကို တရားဝင်လက်ခံဖို့ အစီစဉ်တွေတော့ ရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ကို ၇၀၀ ကျော်လောက်လက်ခံဖို့ စာရင်းပေးထားတာရှိတယ်။ ပေးမယ့်အစီစဉ်ကလည်း ဆွဲပြီးသားဖြစ်တယ်” ဟု ပြောသည်။
ယနေ့ မတ်လ ၈ ရက်နေ့လယ်ပိုင်းက ဦးလှသိန်း၏ရုံးခန်းတွင် သတင်းထောက်အချို့နှင့်တွေ့ဆုံစဉ် ပြောဆိုသွားခြင်းဖြစ်သည်။
အဆိုပါမူဆလင်များကို မည်သည့်နေ့တွင် စတင်လွှဲပြောင်းလက်ခံမည်ဆိုသည်ကို လောလောဆယ်မသိ၇သေးဟု သူက ဆက်ပြောသည်။
ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသွားသည့်မူဆလင်များအား ပြန်လည်လက်ခံနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်အပါအဝင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းတို့အဖွဲ့သည် မောင်တောမြို့နယ်ရှိ တောင်ပြိုလက်ဝဲ၊ လှဖိုးခေါင်၊ ငါးခူရစသည့် ပြန်လည်လက်ခံရေးစခန်းများကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်က သွားရောက်ကြည့်ရှုခဲ့ကြသည်ဟု သိ၇သည်။
အလားတူ ယခုကိစ္စနှင့်ပတ်သက်ပြီး လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် တာဝန်ရှိသူတို့သည်လည်း ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၃ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟုလည်း နစကကောင်စီပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မောင်တောဒေသရှိ ရဲကင်းစခန်းများကို ARSA အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာတွင် ယင်းဒေသမှ မူဆလင် ရ သိန်းကျော်ခန့် တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးသွားခဲ့ကြသည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
ထွက်ပြေးသွားသူများကို ပြန်လည်လက်ခံရန် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က NLD အစိုးနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့က စီစဉ်ခဲ့ကြသော်လည်း ထမြောက်အောင်မြင်ခြင်းမရှိခဲ့ကြဟု သိ၇သည်။
ယင်းနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်အစိုးရ၏အစီအစဉ်ဖြင့်မဟုတ်ဘဲ မြန်မာဘက်သို့ မိမိသဘောဆန္ဒအလျောက်ပြန်လည်ဝင်ရောက်လာသူ လက်ရှိတွင် ရာနှင့်ချီ ရှိနေပြီဟုလည်း သိ၇သည်။
ဓာတ်ပုံ - ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၀ ရက်က မိမိသဘောဆန္ဒအလျောက်ဝင်ရောက်လာသူအချို့အားတွေ့၇စဉ်။ Photo - မောင်တောခရိုင်ပြန်/ဆက်