အမျိုးသမီးငယ်များအား စနောက်ခြင်းများကိုယနေ့မှစ၍ ရပ်တန့်ပေးကြရန် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ Women Generation အဖွဲ့က ကမ်ပိန်းတစ်ခုပြုလုပ်ကာ တောင်းဆိုလိုက်သည်။
အဆိုပါကမ်ပိန်းကို ယနေ့ မတ်လ ၂ဝ ရက်တွင် စစ်တွေကမ်းခြေ၌ Women Generation အဖွဲ့ဝင် အမျိုးသမီးငယ်များက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အမျိုးသမီးငယ်များသည် ဖြတ်သန်းနေရသည့်ပတ်ဝန်းကျင်တွင် မောင်အရွယ်မှစ၍ အဖိုးအရွယ်တို့၏ နည်းအမျိုးမျိုးဖြင့် နေ့စဉ်နှင့်အမျှ ပါးစပ်အရသာခံပြီး စနောက်ခံနေရပြီး ယင်းသို့ စနောက်နေကြသည်များကို ပုံမှန်အနေအထားတစ်ခုအဖြစ် သတ်မှတ်နေကြသူများကိုလည်း ရှုတ်ချသည်ဟု Women Generation က ဆိုသည်။
ယင်းသို့စနောက်ခံရလျှင် အမျိုးသမီးငယ်များအနေဖြင့် စိတ်မသက်သာဖြစ်ရသည့်အတွက် ယခုကမ်ပိန်းကိုပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။
အမျိုးသမီးငယ်များကို စနောက်မည်ဆိုလျှင် မိမိတို့၏ မိခင်၊ ညီမများကို တွဲမြင်ကြည့်ကြရန်လိုပြီး ယခုကဲ့သို့ စနောက်ခြင်းသည် ပြစ်မှုမြောက်သည်ဆိုသည်ကို သိစေချင်သည်ဟုလည်း Women Generation က ပြောသည်။