မြဝတီတွင် ရခိုင်အမျိုးသားတစ်ဦး ၄ ရက်ကြာပျောက်ဆုံးနေ၍ မိသားစုများ စိုးရိမ်နေ


သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၂၆ /၂၀၂၂
ကရင်ပြည်နယ် မြဝတီမြို့တွင် ရခိုင် အမျိုးသားတစ်ဦးသည် ၄ ရက်ကြာ ပျောက်ဆုံးနေ၍ မိသားစုများ စိုးရိမ်နေကြသည်ဟု သိရသည်။
ပျောက်ဆုံးသွားသောသူမှာ ပေါက်တောမြို့နယ်၊ မြင့်ဂါကျေးရွာမှ ဦးခင်မောင်မြင့်(ခ)ဦးခင်မောင်(၄၉ နှစ်) ဖြစ်ပြီး မြ၀တီတွင် ရောက်ရှိနေသူ ဖြစ်သည်
သူသည် မတ်လ ၁၉ ရက်က ဇနီးဖြစ်သူနှင့်အတူ မြင့်ဂါမှတဆင့် မြဝတီသို့အလုပ်လုပ်ရန်ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး မတ်လ ၂၂ ရက် ညနေပိုင်းက မြဝတီမြို့၊ ဘုရားကြီးအကွက် (၂)ရှိ ကြံခင်းဘုန်းတော်ကြီးကျောင်းအနီးတွင် ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု ပျောက်ဆုံးသူ၏ယောက်ဖ ဦးဝင်းမောင်သန်းက နိရဥ္စရာကိုပြောသည်။
"သူက အဲ့နေ့ကပဲ မြဝတီကိုရောက်တယ်။ ညနေပိုင်းလောက်မှာ တစ်ယောက်တည်း အပြင်ကိုထွက်သွားတယ်။ သူလမ်းမှားတာလား၊ မမှတ်မိတာလားတော့ မသိပါဘူး။ ဒီနေ့ထိပြန်မရောက်လာဘူး။ တကယ်လို့များ သူ့ကိုတွေ့ရင် ကျနော့်ကို ဆက်သွယ်ပေးစေချင်ပါတယ်"ဟု ပြောသည်။
ပျောက်ဆုံးနေသူနှင့်ပတ်သက်ပြီး ယနေ့နံနက်အထိ သတင်းအစအနမရရှိသည့်အတွက် မိသားစုများ အလွန်တရာစိုးရိမ်ကြောင့်ကြနေကြသည်ဟုလည်း သိရသည်။
ဦးဝင်းမောင်သန်းက “သူ့ဖုန်းကလည်း သူ့ဇနီးဆီမှာ ကျန်ခဲ့တယ်။ သူ့ဖုန်းနံပါတ်နဲ့ သူ့အသိဖုန်းနံပါတ်တွေကိုလည်း သူ အလွတ်မရဘူး”ဟု ပြောသည်။
ယခုပုံပါ ပျောက်ဆုံးနေသူအား တွေ့ရှိကြပါက ဦးဝင်းမောင်သန်း (ဖုန်း - 09260266899) ကို ဆက်သွယ်ပေးကြရန်လည်း မိသားစုက တိုက်တွန်းထားသည်။

Share: