စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

နေအိမ်ဖယ်ရှားခံရ၍ ပုဏ္ဏားကျွန်းသို့ ပြောင်းသွားသူများအနက် လူဦးရေ ၁ဝဝ ခန့် နေရေးထိုင်ရေးနှင့် အလုပ်လုပ်ရန်အဆင်မပြေဟုဆိုကာ စစ်တွေသို့ပြန်ရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 1.3k


မြထွီးသျှင်
နိရဥ္စရာ၊ မတ် ၂၈/ ၂၀၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နေအိမ်ဖယ်ရှားခံလိုက်ရ၍ ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ကျေးရွာအနီးသို့ ယာယီပြောင်းရွေ့သွားကြသူများအနက် လူဦးရေ ၁ဝဝ ခန့်သည် စစ်တွေသို့ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။
၄င်းတို့သည် ယမန်နေ့ မတ်လ ၂၇ ရက် ညနေပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ယခင်နေထိုင်ခဲ့သည့် စစ်တွေသုသာန်အနီး သီရိဝေလာဘုန်းတော်ကြီးကျောင်းရှေ့မြေကွက်လပ်၌ ဝင်ရောက်နေထိုင်နေကြကြောင်း သိရသည်။
ပြန်လည်ရောက်ရှိလာကြသူများသည် တန်းစွယ်ကျေးရွာအနီးတွင် နေရေးထိုင်ရေးအဆင်မပြေမှုများနှင့် အလုပ်လုပ်ကိုင်ရန် အဆင်မပြေဖြစ်သဖြင့် စစ်တွေသို့ပြန်လာခဲ့ခြင်းဖြစ်ကြောင်း ပြန်လာခဲ့သူတစ်ဦးက နိရဥ္စရာသို့ပြောသည်။
“အဲမှာက အဆင်မပြေဘူး။ အဲက ဆန်နဲ့ ဆီ၊ ဆား၊ ငရုတ်ပေးလာတာနဲ့ ကျနော်တို့ထမင်းဖြူတစ်ခုတည်း စားနေလို့မရဘူးလေ။ အဲဒီနေရာမှာ အလုပ်လည်းလုပ်လို့မရဘူး။ ဒီတော့ ကျနော်တို့ ကိုယ့်လူတွေပြန်လာကြပြီး ဒီမှာတဲကုပ်လေးတွေချပြီး နေကြတယ်” ဟုပြောသည်။
စစ်တွေသို့ပြန်လာသူများတွင် အိမ်ထောင်စု ၅ဝ ကျော်ပါဝင်ပြီး အိမ်ထောင်စုတစ်စုလျှင် ဆန်ရိက္ခာနှင့် ငွေကျပ် ၁ သိန်းတို့ကို ရိုက်ဒါဖောင်ဒေးရှင်းက ထောက်ပံ့ပေးလိုက်ကြောင်း သိရသည်။
ရိုက်ဒါဖောင်ဒေးရှင်းမှ ကိုရိုက်ဒါက “သူတို့က မနေချင်ကြလို့ ထွက်သွားကြတယ်။ သွားကြတဲ့သူတွေကိုတော့ ဆန်နဲ့ ငွေတစ်သိန်းစီပေးလိုက်တယ်"ဟု ပြောသည်။
၎င်းတို့အပါအဝင် စစ်တွေရှိ ရထားလမ်းဘေးဧရိယာနှင့် သုသာန်မြေနေရာတို့အတွင်း နေအိမ်ဖယ်ရှားခံလိုက်ရသည့် အိမ်ထောင်စု ၁ဝဝ ၊ လူဦးရေ ၄ဝဝ ကျော်ကို ရိုက်ဒါဖောင်ဒေးရှင်း၏အကူအညီဖြင့် ပုဏ္ဏားကျွန်းမြို့နယ် တန်းစွယ်ကျေးရွာရှိ မြေကွက်လပ်သို့ မတ်လ ၂၄ ရက်တွင် ပြောင်းရွေ့ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် တန်းစွယ်ကျေးရွာအနီးမြေကွက်လပ်၌ ကျန်နေခဲ့သူများအတွက် သွပ်မိုး၊ ဝါးထရံကာအမျိုးအစား နေအိမ် ၄၅ လုံးကိုဆောက်လုပ်နေပြီဖြစ်ပြီး သောက်ရေ၊ သုံးရေများမှာလည်း အဆင်ပြေနေပြီဖြစ်ကြောင်း ရိုက်ဒါဖောင်ဒေးရှင်းမှ ကိုရိုက်ဒါက နိရဥ္စရာသို့ပြောသည်။
"အခုဒီမှာ မနေ့က ပရိတ်နာတယ်။ ပြီးတော့ အိမ်ဆောက်နေတယ်” ဟု ပြောသည်။
နေအိမ်ဖယ်ရှားခံရသူများသည် မတ်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် စစ်တပ်၊ ရဲနှင့် ထွေအုပ်ဝန်ထမ်းတို့က အင်အားသုံးဖယ်ရှားခံခဲ့ရသည့်အတွက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
၎င်းတို့ထဲတွင် မြောက်ဦး၊ ပေါက်တောနှင့် ရသေ့တောင်မြို့နယ်များဘက်မှပါဝင်ပြီး စစ်ဘေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုတို့ကြောင့် စစ်တွေရှိ မြေကွက်လပ်များတွင် လာရောက်နေထိုင်ကြခြင်းဖြစ်သည်ဟု သိရသည်။
ဓာတ်ပုံ - နေအိမ်ဖယ်ရှားခံခဲ့သူများအား တန်းစွယ်ကျေးရွာအနီးမြေကွက်လပ်တွင် နေအိမ်များဆောက်လုပ်မပေးမီ တွေ့ရစဉ်။

ဆက်စပ် သတင်းများ