သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေတွင် နိုင်ငံတကာနှင့် မြန်မာမှ ပန်းချီပညာရှင် ၂ဝ ကျော်၏လက်ရာများကိုပြသထားသည့် ပန်းချီပြပွဲ ဖွင့်လှစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 7.7k

နွေဦးမေ
နိရဥ္စရာ ၊ ဧပြီ ၁ /၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှ ပန်းချီပညာရှင် ၂ဝ ကျော်၏လက်ရာများကိုပြသထားသည့် ပန်းချီပြပွဲတစ်ခုကို ယနေ့ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
Arakan Art Gallery အမည်ရှိ အဆိုပါပြပွဲကို စစ်တွေမြို့၊ မောလိပ်ရပ်ကွက်၊ ဦးအောင်ထွန်းဦးလမ်းတွင် ယနေ့ ဧပြီလ ၁ ရက် နံနက် ၉ နာရီမှစတင်ကာ ဧပြီ ၃ ရက်အထိ ဖွင့်လှစ်ခြင်းဖြစ်သည်။
ရခိုင်လူငယ်များအနေဖြင့် ရခိုင့်ပန်းချီဆရာများ၏လက်ရာများကို ပြည်မဘက်သို့သွားစရာမလိုဘဲ တစ်စုတစ်ဝေးတည်းကြည့်ရှုနိုင်ရန် ယခုပြပွဲကို ဖွင့်လှစ်ခြင်းဖြစ်သည်ဟု ပြပွဲကိုဦးစီးသူ ကိုခိုင်သူရိန်က နိရဥ္စရာကိုပြောသည်။
"ရခိုင်က ပန်းချီလက်ရာတွေဆိုရင် များသောအားဖြင့် နိုင်ငံခြားကိုရောက်သွားကြတာများတယ်။ ရခိုင်မှာဖွင့်လိုက်တော့ ပန်းချီပညာရှင်တွေရဲ့အနုပညာလက်ရာကို တစ်နေရာတည်းမှာ လူငယ်တွေက လာကြည့်လို့ရတယ်"ဟုပြောသည်။
အဆိုပါပြပွဲတွင် အာဖရိကနိုင်ငံမှ ပန်းချီပညာရှင်(၁)ဦး၊ အိန္ဒိယနိုင်ငံမှ ပန်းချီပညာရှင်(၁)ဦးနှင့် မြန်မာနိုင်ငံအတွင်းမှ ပန်းချီမောင်မောင်စော၊ ကောင်းကျော်ခိုင်၊ အောင်လင်းထွန်း၊ သူရကျော်၊ သန်းကျော်ဌေး၊ နှင်းသီရိ၊ မြင့်နိုင်နှင့် ထွန်းကျော်တို့အပါအဝင် ပန်းချီပညာရှင် ၂၂ ဦး၏လက်ရာများဖြစ်သည့် ပန်းချီကားချပ် ၁၀၀ ကျော်ကို ခင်းကျင်းပြသထားသည်။
ယခုကဲ့သို့ပန်းချီပြခန်းဖွင့်နိုင်ခြင်းသည် ပန်းချီပညာရှင်များနှင့် ဝါသနာရှင်များအတွက် အလွန်ကောင်းမွန်ပြီး ရွက်ပုန်းသီးဝါသနာရှင်များအတွက် လမ်းဖွင့်ပေးရာတစ်ခုဖြစ်ကာ ရခိုင်လူမျိူးများအတွက် ဂုဏ်ယူစရာကောင်းသည်ဟု လူမူရေးလှုပ်ရှားနေသည့် စစ်တွေမှ ကိုသက်ဇင်က ပြောသည်။
"ကျနော်ဆိုရင် ပန်းချီကားချပ်ကိုကြည့်ပြီး ပုံဖော်ရတာကြိုက်တဲ့အတွက် သွားကြည့်ဖြစ်တယ်။ ခုပြခန်းထဲမှာလည်း မျိုးစုံတွေ့ရတယ်။ ရခိုင်မှာ ဒီလိုဖွင့်နိုင်တာကလည်း ပညာရှင်တွေရဲ့လက်ရာကို တစ်နေရာတည်းမှာကြည့်နိုင်တယ်"ဟုပြောသည်။
အဆိုပါပြပွဲကို ဧပြီလ ၃ ရက်အထိခင်းကျင်းပြသထားမည်ဖြစ်ပြီး ယင်းနေ့လွန်လျှင်လည်း ပန်းချီပြခန်းတစ်ခုအဖြစ် အမြဲတမ်းဖွင့်လှစ်သွားမည်ဟု ကိုခိုင်သူရိန်က ဆက်ပြောသည်။
ပြခန်းရှိ ပန်းချီကားများကို ကြိုက်နှစ်သက်ပါက ဝယ်ယူနိုင်သည်ဟုလည်း သိရသည်။
ဓာတ်ပုံ - မြထွီးသျှင် / နိရ ဉ္စရာ

ဆက်စပ် သတင်းများ