တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

ဝန်ထမ်းတစ်ဦးသေဆုံးမှုကြောင့်ပိတ်ထားရသည့် မာန်အောင်ဟိုတယ်ဇုန်ကို ပြန်လည်ဖွင့်လှစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 6.6k

သဥ္ဇာနွယ်
နိရဥ္စရာ ၊ ဧပြီ ၂ /၂၀၂၂
ဝန်ထမ်းတစ်ဦးသေဆုံးခဲ့မှုကြောင့်ပိတ်ထားခဲ့ရသည့် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်ရှိ ဟိုတယ်ဇုန်ကို အမှုမှန်မပေါ်သေးဘဲ ပြန်လည်ဖွင့်လှစ်နေပြီဟု သိရသည်။
အဆိုပါဟိုတယ်ဇုန်ကို အစိုးရက ပြန်လည်ဖွင့်လှစ်ခွင့်ပေးသည့်အတွက် ယမန်နေ့ ဧပြီလ ၁ ရက်နေ့မှစတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု မာန်အောင်အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးထွန်းလှိုင်က နိရ ဉ္စရာကိုပြောသည်။
"ခုလိုပြန်ဖွင့်နိုင်တော့ ဝန်ထမ်းတွေကိုလစာပြန်ပေးနိုင်ပြီပေါ့။ ရေရှည်ပိတ်ထားရင် ဝန်ထမ်းအတွက်လည်း အခက်ခဲရှိတယ်။ ဟိုတယ်အတွက်လည်း နစ်နာမှုတွေရှိတယ်။ ခုလိုပြန်ဖွင့်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်" ဟု ပြောသည်။
မာန်အောင်မြို့နယ် မိန်းမကြွယ်နှင့် ကအီးရွာကြားတွင်တည်ဆောက်ထားသော ဟိုတယ်ဇုန်တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၅ ရက်က ဝန်ထမ်းတစ်ဦးသေဆုံးခဲ့မှုကြောင့် ဟိုတယ်ဇုန်ကိုလည်း ယင်းနေ့ကပင် ယာယီပိတ်ထားခဲ့ရခြင်းဖြစ်သည်။
သေဆုံးသူမှာ မာန်အောင်ဟိုတယ်ဇုန်တွင် စားဖိုးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် မာန်အောင်မြို့နယ်၊ ကုန်းခင်ကျေးရွာမှ ကိုမင်းထက်ဝေ(၂၁ နှစ်)ဖြစ်သည်။
သူသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂ ရက် ညဥ့် ၂ နာရီက သူအလုပ်လုပ်နေသည့် ဟိုတယ်ဇုန်အတွင်းမှ ပျောက်ဆုံးသွားခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် ဟိုတယ်ဇုန်အတွင်းရှိဆည်၌ ဒဏ်ရာများဖြင့်သေဆုံးနေသည့်သူ့အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသူနှင့်အနီးစပ်ဆုံးနေထိုင်ခဲ့သည့်သံသယရှိသူ ၂ ဦးကို မာန်အောင်မြို့နယ် ဆားချက်တိုက်နယ်စခန်းတွင် စစ်ဆေးခဲ့သော်လည်း အမှုမှန်မပေါ်ပေါက်သေးဟု သိရသည်။
အမှုမှန်မပေါ်ပေါက်ဘဲ ဟိုတယ်ဇုန်ကို ပြန်လည်ဖွင့်လှစ်ခြင်းသည် သေဆုံးသွားသည့် ဟိုတယ်ဝန်ထမ်းကိုအလေးအနက်မထားရာရောက်သလို တစ်ဘက်တွင်လည်း ဟိုတယ်၌ ရင်းနှီးမြှုပ်နှံထားသူများတွင် ဟိုတယ်မဖွင့်ပါက အများကြီးနစ်နာမှုများရှိသည်ဟု သေဆုံးသူနှင့်ဆွေမျိုးတော်စပ်သူ မာန်အောင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်သန်းက ပြောသည်။
မာန်အောင်ဟိုတယ်ဇုန်ကို မာန်အောင်အများပိုင်ကုမ္ပဏီက ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင်စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ