တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်တော်တောင်ဗုဒ္ဓပူဇနိယပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 8.1k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဧပြီ ၉ /၂၀၂၂
ရခိုင်ပြည်နယ်တွင် ဒုတိယသင်္ကြန်ဟုတင်စားတတ်ကြသည့် ရေပေါ်သင်္ကြန်ပွဲတော်နှင့်အတူ ကျောက်တော်တောင်ဗုဒ္ဓပူဇနိယပွဲကို ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဟု ပွဲကျင်းပရေးကော်မတီမှ သိရသည်။
ကျောက်တော်တောင်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို ဧပြီလ ၂၇ ရက်မှစတင်ကျင်းပမည်ဖြစ်ပြီး ယင်းနေ့မှ ဧပြီ ၂၉ ရက်အထိ ပဋ္ဌာန်းရွတ်ဖတ်မည်ဟု သိရသည်။
ရေပေါ်သင်္ကြန်ပွဲတော်ကိုမူ ရခိုင်ရိုးရာလှေပြိုင်ပွဲနှင့်အတူ ဧပြီလ ၂၉ ရက်မှ မေလ ၁ ရက်အထိ ကျောက်တော်တောင်အောက်ရှိ ကစ္ဆပနဒီမြစ်အတွင်း ထည့်သွင်းကျင်းပမည်ဟု သိရသည်။
ပွဲတော်ကျင်းပရေးကော်မတီမှ ဦးခိုင်မြတ်ကျော်က "အရင်နှစ်ကလိုပဲ ပူဇော်ပွဲနဲ့ ရိုးရာလှေပြိုင်ပွဲကို စည်စည်ကားကားကျင်းပသွားမှာပါ။ လှေပြိုင်ပွဲကိုအကြောင်းပြုပြီးတော့ ရေလယ်သင်္ကြန်ကိုလည်း ထည့်သွင်းကျင်းပမှာပါ"ဟု နိရဥ္စရာကို ပြောသည်။
ရေပေါ်သင်္ကြန်တွင် လောင်းလှေ အစီးရေ ၃၀၀ မှ ၅၀၀ အထိ အသုံးပြု၍ မြို့နယ်ပေါင်းစုံမှ ပရိသတ်ထောင်သောင်းချီကာ ပျော်ရွှင်စွာ လာရောက် ရေပက်ကစားကြသည်ဟုလည်း ဒေသခံများက ပြောသည်။
စစ်တွေမြို့ခံ မသန္တာခိုင်က "ဒီပွဲက ရခိုင်မှာကျတဲ့ပွဲဆိုတော့ သွားချင်တယ်။ တစ်ခါမှ မရောက်ဖူးတော့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးသွားချင်ပါတယ်"ဟု ပြောသည်။
ကျောက်တော်တောင်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို စည်စည်ကားကားကျင်းပနိုင်ရန် ယနေ့ ဧပြီလ ၉ ရက် နံနက် ၉ နာရီက ကျောက်တော်မြို့၊ အမ်းတန်းစိန်ကျောင်းပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ခဲ့သည့် ညှိနှိုင်းအစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းအစည်းအဝေးသို့ ကျောက်တော်တောင်ဘုရား ဂေါပကဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်အသီးသီးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြသည်။
ကျောက်တော်တောင်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို ရခိုင်တွင် ၂ဝ၁၉ မှ ၂ဝ၂၁ ခုနှစ်အထိ စစ်ရေးနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် စည်ကားစွာ ကျင်းပနိုင်ခြင်းမရှိခဲ့ဟု သိရသည်။

ဆက်စပ် သတင်းများ