တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မာန်အောင် ဟင်းစနဲရွာတွင် သက်ကြီးမြတ်ဆရာပူဇော်ကန်တော့ပွဲကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.8k


အောင်လင်းထွန်း
နိရဥ္စရာ၊ ဧပြီ ၁၀ / ၂၀၂၂
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ဟင်းစနဲကျေးရွာ အခြေခံထက်တန်းကျောင်းတွင် သက်ကြီးမြတ်ဆရာပူဇော်ကန်တော့ပွဲတစ်ခုကို ယနေ့ နေ့လယ်က ကျင်းပခဲ့သည်ဟု သိရသည်။
ဟင်းစနဲကျေးရွာ အခြေခံထက်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၆၀ နှစ်နှင့်အထက် အငြိမ်းစားဆရာကြီး၊ ဆရာမကြီး ၂၀ ကျော်တို့ကို ကျောင်းသူ၊ ကျောင်းသားဟောင်းများက ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် နေ့လယ် ၁၂ နာရီတွင် ပူဇော်ကန်တော့ခဲ့ကြခြင်းဖြစ်သည်။
မိမိတို့အားပညာသင်ကြားပေးခဲ့သည့် ဆရာကြီး၊ ဆရာမကြီးများကို ဂုဏ်ပြု အသိအမှတ်ပြုသည့်အနေဖြင့် ပြုလုပ်ရခြင်းဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးကျော်လင်းက နိရ ဉ္စရာကို ပြောသည်။
"ဒီ ဆရာကန်တော့တဲ့ပွဲဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတိုင်းမှာရှိသင့်တယ်။ ရိုသေထိုက်သင့်တဲ့သူတွေကို ရိုသေတတ်အောင် ဒီလိုပွဲလန်းသဘင်တွေကို လုပ်ပေးသင့်တယ်လို့မြင်တယ်"ဟု ပြောသည်။
အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူဟောင်း ၁၀၀ ကျော် တက်ရောက် ကန်တော့ခဲ့ကြပြီး ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများက ဆုံးမသြဝါဒများပေးခဲ့သည်ဟုလည်း သိရသည်။
"ဆရာမတို့ စာသင်ပြခဲ့တဲ့ လုပ်သက်တစ်လျှောက်လုံးမှာက ကျောင်းတွေအထဲမှာ ဒီဟင်းစနဲကျောင်းမှာ သင်ပြခဲ့တာ အပျော်ဆုံးဖြစ်တယ်။ ဒီပွဲမှာလည်း အရမ်းဝမ်းသာတယ်။ ကိုယ်စာပြခဲ့တဲ့ ကျောင်းသူ ကျောင်းသားဟောင်းတွေနဲ့လည်း တွေ့ရတယ်။ အရင်ကအချိန်တွေပြန်တွေးကြည့်ရင်းနဲ့ ဝမ်းနည်းဝမ်းသာဖြစ်မိတယ်" အပူဇော်ခံ ဆရာမကြီး ခေါ်ခင်သိန်းက ပြောသည်။
မြတ်ဆရာပူဇော်ပွဲသို့ ကန်တော့ခံရန် မလာရောက်နိုင်သည့် အသက် ၈၀ ကျော် ဆရာကြီး၊ ဆရာမကြီးတို့ကိုလည်း ကျောင်းသူ၊ ကျောင်းသားဟောင်းများက အိမ်တိုင်ယာရောက် သွားရောက်ကန်တော့သွားမည်ဟုလည်း သိရသည်။
အဆိုပါမြတ်ဆရာကန်တော့ပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် သတ္တမအကြိမ်အထိရှိသွားပြီဟု သိရသည်။
ဓာတ်ပုံ - အောင်လင်းထွန်း / နိရ ဉ္စရာ

ဆက်စပ် သတင်းများ