သျှင်မင်းဇံ
နိရဉ္ဇရာ၊ဧပြီ ၂၀/၂၀၂၂
ရခိုင်ပြည်နယ်တွင်လူဦးရေ ၃၀၀၀ ခန့်သာ ကျန်ရှိတော့သည့် သက်လူမျိုးတို့၏ အမျိုးသားနေ့ကို အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင်လာမည့် မေလ ၁ ရက်နေ့၌ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသက်အမျိုးသားနေ့ ကျင်းပရေးကော်မတီမှ နယက ဦးလှထွန်းကျော်က နိရဉ္ဇရာကိုပြောသည်။
" ပထမဆုံးအကြိမ်လို့ပြောရတာက အရင်နှစ်တွေက လုပ်တော့ လုပ်လာခဲ့ပါတယ်။ ဒီလိုမျိုးအများပြည်သူသိအောင် တခမ်းတနားအနေနဲ့ ကျင်းပတာက ပထမဆုံးအကြိမ်ပေါ့။ဒီနှစ်က ပြည်နယ်အစိုး၇ကလည်း ကူညီပေးတယ်။ သက်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကလည်းတရားဝင် ဖြစ်လာတယ်။အဲအဖွဲ့နဲ့ အစိုး၇နဲ့ ပူပေါင်းပြီး ဖိတ်သင့်ဖိတ်ထိုက်တဲ့ သူတွေကိုဖိတ်ပြီးလုပ်တာ ပထမဆုံးအကြိမ်ပေါ့" ဟု ပြောသည်။
အဆိုပါ၇ခိုင်မျိုးနွယ်စုဝင် သက်အမျိုးသားနေ့ကို မောင်တောမြို့နယ် လေးမိုင်ရပ်ကွက်မကျည်းကုန်းကျေးရွာတွင် ပြုလုပ်မည်ဖြစ်ရာ နိုင်ငံခြားသို့ရောက်ရှိနေသည့် သက်လူမျိုးများ၊ မျိုးနွယ်စု ဝင်များနှင့် သက်ဆိုင်ရာဌာနများအားလည်းဖိတ်ကြားထားကြောင်း ပြောသည်။
သက်အမျိုးနေ့ကျင်းပရေးကော်မတီမှ နယက ဦးလှထွန်းကျော်က "သက်လူမျိုးတွေရဲ့ဘိုးဘွား အစဥ်အလာအ၇ တောင်ယာလုပ်ငန်းတွေကိုလုပ်ကိုင်စားသောက်လာပြီး မေလဟာ အလုပ်တွေ ပါးတဲ့အချိန် အားလပ်တဲ့ ရက်ကို အမျိုးသားနေ့ အဖြစ် သတ်မှတ်ထားဖြစ်တယ်။ ကျင်းပတဲ့ရည်ရွယ်ချက်ကတော့ မျိုးသားရေး လက္ခဏာတွေ မပျောက်ပျက်ဖို့နဲ့အဝေးတွေမှာ ရောက်ရှိနေကြတဲ့သားသမီးဆွေမျိုးတွေ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ရင်းနှီးမှုရှိစေဖို့၊သက်လူမျိုးရဲ့ ဘာသာစကားနဲ့ စာပေတွေတည်တံ့ခိုင်မြဲလာစေဖို့နဲ့ကိုယ့်လူမျိုးချစ်ခင်စိတ်တွေနဲ့ လူမျိုး တည်တံ့အောင်နှိုးဆော်တိုက်တွန်းနိုင်ဖို့ အတွက် ပြုလုပ်၇တာ ဖြစ်ပါတယ်"ဟု ရှင်းပြ ပြောဆိုသည်။
အမျိုးသားနေ့ အခမ်းအနားတွင် လူထုဟောပြောပွဲများ၊ရိုးရာအကပြိုင်ပွဲများ၊ အခြား အားကစားပြိုင်ပွဲများကိုလည်း ထည့်သွင်း ကျင်းပ ပြုလုပ်သွားမည်ဖြစ်ဖြစ်ကြောင်း၊ မေလ၁ ရက်နေ့တွင် ဆုများကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊သက်လူမျိုး ရိုးရာ အသုံးအဆောင်များ၊ ရိုးရာဝတ်စားဆင်ယင်ပုံများအားပြသရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
သက်အမျိုးသားနေ့မှတဆင့် သက်လူမျိုးများကမ္ဘာပေါ်မှာ ရှိနေသေးကြောင့်ပြသခြင်း၇သည့် အတွက်ဝမ်းသာမိကြောင်း မြောက်ဦးမြို့နယ် အောင်သီရီကျေးရွာမှ သက်အမျိုးသမီးမခိုင်ကျော့ရီက ပြောသည်။
"ပထမဆုံးပြောချင်တာက ကိုယ်လူမျိုးတွေ ဒီကမ္ဘာပေါ်မှာ ရှိနေသေးတယ်ဆိုတာကိုပြခွင့်၇တဲ့ အတွက် ဝမ်းသာမိပါတယ်။နောက်နှစ်တွေမှာ အခုလိုမျိုး ပြခွင့်၇ဖို့အတွက်လည်း သက်လူငယ်တွေ အနေနဲ့ ကြိုးစားနေကြပါတယ်။ သက်လူငယ်တစ်ယောက်အနေနဲ့လည်းတတ်နိုင်သလောက် အဖက်ဖက်က ဆက်ပြီး ကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်"ဟု ပြောသည်။
ရခိုင်မျိုးနွယ်စုထဲတွင်၇ခိုင်အပါအဝင် မြို၊ ခမီ၊သက်၊ မရမာ၊ သက္ကမ(ခ) ဒိုင်းနက်နှင့် ကမန်စသည့်မျိုးနွယ်စုများရှိရာ သက်လူမျိုးသည် လူဦးရေအနည်းဆုံးဖြင့် ကျန်ရှိနေသည့် ၇ခိုင်မျိုးနွယ်စု တစ်ခုဖြစ်သည်။
သက်လူမျိုးများသည်တောင်ယာနှင့် လယ်လုပ်ငန်းများကို အများဆုံး လုပ်ကိုင်လျက်ရှိပြီးရခိုင်ပြည်နယ် တွင် လူဦးရေ ၃၀၀၀ ခန့်သာ ကျန်ရှိတော့ပြီး မောင်တောမြို့နယ်တွင် အများဆုံးနေထိုင်ကာ ဒုတိယအမျာဆုံးအဖြစ်မြောက်ဦးမြို့နယ်၊ ဘူးသီးတောင်၊ ၇သေ့တောင်၊ ပုဏ္ဏားကျွန်း၊စစ်တွေနှင့်အမ်မြို့နယ် စသည့် မြို့နယ်များတွင် အသီးသီး ပျံ့နှံ့ နေထိုင်လျက်ရှိသည်။
မြန်မာနိုင်ငံသို့ ပထမဆုံးအခြေချ နေထိုင်လာသည့် ပျူ၊ ကမ်းယံ၊ သက် အထဲတွင် ပါဝင်သည့် သက်လူမျိုးများသည် မြန်မာတစ်နိုင်ငံလုံးတွင်လူဦးရေ ၆၀၀၀ ခန့်သာ ကျန်ရှိတော့ကြောင်းသိ၇ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း နေထိုင်ကြသည်ဟု သိ၇သည်။