အေးမြတ်ခိုင်
နိရဥ္စရာ၊ဧပြီ ၁၉/၂၀၂၂
ရခိုင်ဘုရင်မင်းဘာကြီး၏ မိဖုရားကြီးပတ္တမြားဒေဝီစောမဲကျီမွေးဖွားရာဇာတိရမ်းဗြဲမြို့နယ်၊ ကန်ဒိုင်းတိုက်နယ်၊ အတွင်းပြင်ကျေးရွာတွင်နားမွေးတော်ဓာတ် စေတီဖူးမျှော်ပွဲကို စံတင်လောက်သည် ရခိုင်ရိုးရာ ဝင်စားဆင်ယင်မှုများဖြင့်အစဉ်အလာမပျက်စည်ကား သိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ရမ်းဗြဲမြို့နယ်၊ကန်ဒိုင်းတိုက်နယ်၊ အတွင်းပြင်ကျေးရွာ သာသနာကုန်းတော်ပေါ်တွင် တည်ရှိသော ဘုရားရှင်၏နားမွှေးတော်ဓာတ်စေတီဖူးမျှော်ကန်တော့ပွဲကိုနှစ်ဆန်းတစ်ရက်နေ့ ဧပြီလ၁၇ ရက်နေ့ နံနက်ပိုင်းကစတင်ကျင်းပခဲ့ပြီး ကန်ဒိုင်းတိုက်နယ်မှ ကျေးရွာ ၁၂ ရွာက အမျိုးသမီးငယ်များက ရခိုင်ရိုးရာဝတ်စုံများကိုကျေးရွာအလိုက်အရောင်မျိုးစုံဝတ်ဆင်ကာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ဧပြီလ၁၇ ရက်နေ့မှ ဧပြီလ ၁၉ ရက်နေ့အထိ ၃ရက်တိုင်တိုင် ရခိုင်ရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယင် ထုံးဖွဲမှုပြိုင်ပွဲများ၊ ဇာတ်ပွဲများနှင့်စည်ကားစွာကျင်းပခဲ့ကြောင်းစောမဲကျီလူငယ်အသင်းအတွင်းရေးမှူး ဦးအောင်သိန်းက နိရဥ္စရာ ကိုပြောသည်။
"ရိုးရာအစဉ်အလာကိုအမြဲတမ်းထိန်းသိမ်းနိုင်တော့ ဝမ်းသာတာပေါ့ ။ ပါဝင် ကြတဲ့ ယဉ်ကျေးမှု အဖွဲ့တွေကို ဒီနှစ်မှာ ဆု သုံးဆုတောင် ချီးမြင့်တယ်။ ရခိုင်ရိုးရာရဲ့ထုံးဖွဲ့မှု၊ဖိနပ်တွေ၊ အချိတ်တွေ၊ ဆံထုံးထုံးတာတွေ ရခိုင်ရိုးရာ ဆန်အောင်၊ ဒါတွေကိုစံထားပြီး ဆုပေးကြတယ်။ရိုးရာအစဉ်အလာ တွေကို တက်နိုင်တဲ့ ဘက်က မှန်မှန်ကန်ကန်ဖော်ထုတ်နိုင်အောင်၊တခါတခါကျ ဗမာထုံးဖွဲ့မှုနဲ့ ရောယှက်နေတာတွေ ရှိတယ်လေရခိုင်ရိုးရာတွေ ပီပီပြင်ပြင်တွေ ပေါ်လွင်လာအောင် အတွက် ဂုဏ်တင်ပေးတာပေါ့"ဟု ပြောသည်။
ကန်ဒိုင်းတိုက်နယ်တွင်ကျေးရွာ ၁၃ ရွာရှိပြီး ၄င်းကျေးရွာများမှ လူပျို၊ အပျိုများ နှင့် ကျေးရွာသား များက နားမွှေးတော်ဓာတ်စေတီဖူးမျှော်ပွဲကိုရိုးရာအစဉ်လာမပျက် နှစ်စဉ်ကျင်းပလေ့ရှိကြောင်း သိ၇သည်။
နားမွှေးတော်ဓာတ်စေတီကိုရခိုင်ဘုရင်မင်းဘာကြီး ၏ မိဖုရားကြီးပတ္တမြားဒေဝီစောမဲကျီက ရခိုင်သက္ကရာဇ် ၈၇၅ ခုနှစ်ကတည်းထားကိုးကွယ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိ၇သည်။
အဆိုပါဘုရားပွဲကိုနှစ်စဉ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပပြုလုပ်လေ့ရှိပြီး နှစ်ပေါင်း ၁၅၀ကြာ အစဉ်လာမပျက်ထိန်းသိမ်းလာခဲ့သော ပွဲတော်တစ်ခုဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချင်အရ သိ၇သည်။