သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

AAနှင့်ဆက်စပ်သည်ဟုဆိုကာ မောင်တောမှအမျိုးသားနှစ်ဦးကို အကြမ်းဖက်မှုပုဒ်မဖြင့် ထောင်ဒဏ် (၁၀) နှစ်စီချမှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.2k


မြထွီးသျှင်
နိရဥ္စရာ၊ ဧပြီ ၂၁/၂၀၂၂
ရက္ခိုင့်တပ်တော် (AA) နှင့်ဆက်စပ်သည့်စွဲချက်ဖြင့် မောင်တောမှလူနှစ်ဦးကို အကြမ်းဖက်မှုပုဒ်မဖြင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်လိုက်ကြောင်း ၎င်းတို့၏ မိသားစုဝင်များကပြောသည်။
၎င်းတို့နှစ်ဦးကို ယနေ့ ဧပြီ ၂၁ ရက် ရုံးချိန်းတွင် မောင်တောခရိုင်တရားရုံးမှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မ ၅၀(ဈ)ဖြင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်လိုက်ခြင်းဖြစ်သည်။
ထောင်ဒဏ်ချမှတ်ခံလိုက်ရသူများမှာ မောင်တောမြို့၊ ရပ်ကွက် (၃) မှ ကိုညီညီနိုင်(၂၈)နှစ်နှင့် မောင်တောမြို့နယ် ငွေတောင်ကျေးရွာမှ ဦးအောင်လှသိန်း(၄၆)နှစ်တို့ ဖြစ်ကြသည်။
အဆိုပါအမျိုးသားနှစ်ဦးအနက် ဦးအောင်လှသိန်းကိုမူ ၂၀၁၉၊ ဧပြီလဆန်းပိုင်းတွင် ပြင်ဖြူရဲစခန်းက ဖမ်းဆီးပြီး ပြင်ဖြူရဲစခန်းမှူးမှ တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်လှသိန်း၏ သမီးဖြစ်သူ မသန်းစိန်ဦးက နိရဉ္စရာသတင်းဌာကို ပြောသည်။
ပြင်ဖြူရဲစခန်းက ၎င်းတို့ကို လမ်းပြပြုလုပ်ပေးရန် ဦးအောင်လှသိန်းအား ဖုန်းဖြင့်ခေါ်ဆိုသဖြင့် လိုက်ပါသွားစဥ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြာင်း သမီးဖြစ်သူက ဆိုသည်။
"လမ်းပြဖို့ လိုက်ခဲ့ပါဆိုပြီး ပြင်ဖြူရဲစခန်းက ဖုန်းနဲ့ လိမ်ပြီးခေါ်တယ်။ အဖေက အဟုတ်ထင်ပြီး လိုက်သွားတာ၊ သူတို့က အဖေရောက်သွားတော့ ဖမ်းသွားတယ်။ ဒီလို ၁၀ နှစ်ထိ အမိန့်ချတဲ့အတွက် အထူး ဝမ်းနည်းပါတယ်" ဟု သူမက ပြောသည်။
နောက်တစ်ဦးဖြစ်သူ ကိုညီညီနိုင်သည် ပြီးခဲ့သည့် ၂၀၂၀ပြည့်နှစ်၊ မတ်လ ၂၅ ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ မည်သည့်နေရာတွင် မည်သည့် အတွက်ကြောင့် ဖမ်းဆီးခံခဲ့ရခြင်းကို မိသားစုအနေဖြင့် သိရှိခဲ့ခြင်း မရှိကြောင်း မိသားစုများက ပြောသည်။
ထောင်ချခံလိုက်ရသည့် ကိုညီညီနိုင်၏ အကိုဖြစ်သူက "စိတ်တော့ မကောင်းပါဘူး။ အယူခံလည်း ဆက်မတက်တော့ဘူး၊ ဆက်တက်ရင်လည်း ဘာမှ ထူးမယ်လို့မထင်ဘူး။ လွတ်လာမဲ့နေ့ကိုဘဲ စောင့်နေတော့မယ်" ဟုပြောသည်။
လက်ရှိတွင် ၎င်းတို့နှစ်ဦးစလုံးအား ဘူးသီးတောင်အကျဥ်းထောင်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ