မင်းပြားမြို့နယ် ကံဖေတိုက်နယ်ဘုရားပွဲတော်တွင် ရခိုင်ရိုးရာကျင်ပွဲကိုသာမက မူဆလင်ကျင်ပွဲကိုပါ ထည့်သွင်းကျင်းပမည်


အေးမြတ်ခိုင်

နိရဉ္စရာ၊ ဧပြီ ၂၉/၂၀၂၂

 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ကံဖေတိုက်နယ်ရှိ ပေါ်တော်မူဘုရားပေါင်းဘုရား အနေကဇာ တင်ပွဲတော်တွင် ရခိုင်ရိုးရာကျင်ပွဲကိုသာမက မူဆလင်ကျင်ပွဲကိုပါ ထည့်သွင်းကျင်းပသွားမည်ဟု သတင်းရရှိသည်။  

 

ရခိုင်နှင့် မူဆလင်တို့အကြား လူမှုရေး၊ စီးပွားရေးဆက်နွယ်မှုများရှိသည့်အပြင် ချစ်ခင်ရင်းနှီးမှုများ ရရှိစေရန် ရည်ရွယ်၍ ယခုကဲ့သို့ မူဆလင်ကျင်ပွဲကိုပါ ထည့်သွင်းကျင်းပရခြင်း ဖြစ်ကြောင်း ပေါ်တော်မှု ဘုရားပေါင်းဘုရား ဂေါပဂအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးအေးကျော်ဝင်းက နိရဥ္စရာကို ပြောသည်။

 

ဘုရားပွဲမှာ ကျင်ပွဲ ထည့်သွင်းကျင်းပဖို့ မူဆလင်တွေဘက်ကတာဝန်ယူတယ်။ တခြားပွဲအတွက် အစစအရာရာကို ရခိုင်ကနေ တာဝန်ယူတယ်။ ကျင်ပွဲတွေပါတယ်ဆိုတော့ သူတို့ကလည်း စိတ်ဝင်စားကြတယ်။ အဓိကကတော့ ရခိုင်နဲ့မူဆလင် လူမှုရေး၊ စီးပွားရေးတွေ ဆက်နွယ်မှုရှိတယ်ဟု ၎င်းက ပြောသည်။

 

၎င်းပြင် ဘုရားသွားလမ်းအတွက် လိုအပ်သည့် မြေများကို  မူဆလင်လယ်ပိုင်ရှင်များက လှူဒါန်းထားသည့်အပြင် ကျင်ပွဲဖြစ်မြောက်ရေးအတွက် သြစတေးလျနိုင်ငံရောက် ဦးဟာဘီအာလောင်က ကျပ် ၃၅ သိန်ပါဝင်လှူဒါန်းထားကြောင်း၊  သူတို့ကိုလည်း အဆိုပါ ဘုရားပွဲတော်တွင် ဂုဏ်ပြု လက်မှတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း ဘုရားဂေါပကမှ တဆင့် သိရသည်။

 

သူတို့နဲ့ စီးပွားရေး လူမှုရေးက ဆက်နွယ်မှု ရှိတယ်ဆိုတာက ဘုရားကလယ်တွေအကြားမှာ တည်ရှိတဲ့အတွက် အဲဒီအနီးအနားက မူဆလင်လယ်ကွင်း ဖြတ်သန်းသွားလာရတာလည်း ရှိတယ်။ မူဆလင်ကျေးရွာက မူဆလင်လယ်ပိုင်ရှင်တွေဆီက ဘုရားသွားလမ်းအတွက် လယ်မြေတွေ ှူဒါန်းထားတာတွေ ရှိပါတယ်။  သူတို့ကို လာမယ့် ဘုရားပွဲတော်မှာ  ဂုဏ်ပြုလက်မှတ်ပေးသွားဖို့ ပွဲရဲ့ အစီအစဉ်မှာလည်း ထည့်သွင်းထားပါတယ်ဟု ၎င်းက ပြောသည်။

 

ယခင်နှစ်အဆက်ဆက်ကလည်း ၎င်းဘုရားပွဲတော်တွင် မူဆလင်ကျင်ပွဲကိုပါ ထည့်သွင်း ကျင်းပခဲ့ဖူးသော်လည်း ၂၀၁၂ ခုနှစ် ဘာသာရေး လူမျိုးရေး ပဋိပက္ခကြောင့်  ၁၀ နှစ်ခန့် မကျင်းပနိုင်ဘဲ ရှိနေခဲ့ရာမှ ယခုနှစ်တွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ယခုကဲ့သို့  ဘာသာလူမျိုး မခွဲခြားဘဲ ရခိုင်ပြည်တွင် နေထိုင်သူ အားလုံးပါခွင့်ရသည့် ကျင်ပွဲများကို ပြန်လည်ကျင်းပခွင့်ရသည့်အပေါ် ဝမ်းသာဂုဏ်ယူမိကြောင်း ကျင်ပွဲဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးလှမောင်က နိရဥ္စရာကို ပြောသည်။

 

အရင်ကတည်းကနေ ရခိုင်၊မူဆလင်ကျင်ပွဲဆိုပြီး ပွဲကျင်းပခဲ့တယ်။ ကျွန်တော်တို့အငယ်ကတည်းက ဆက်တိုက်ကျင်းပခဲ့တာ။ အခုလိုပြန်လည်ပြီး ပွဲကျင်းပခွင့်ရတဲ့အတွက် ကျွန်တော်တို့ အရမ်း ဝမ်းမြောက် ဂုဏ်ယူပါတယ်ဟု ပြောသည်။

 

၎င်းဘုရားပွဲတော်၏ ကျင်ပွဲတွင် င်းပြားမြို့နယ်မှာ ရခိုင်ရွာ ၁၄ ရွာနှင့် မူဆလင်ရွာ ၄ ရွာတို့မှ ပါဝင် ယှဉ်ပြိုင်မည်ဟု သိရသည်။

 

အဆိုပါ ဘုရားပွဲတော်ကို မေရက်နေ့က စတင်ကာ ဘုရားပွဲတော်အတွင်း အနေကဇာတင်ပူဇော်ခြင်း၊ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်တို့ဖြင့်ပူဇော်ခြင်း၊ သစ်သီးဆွမ်းကပ်လှူခြင်း၊ သင်ပုန်းဆွမ်း ကပ်လှူခြင်း၊ ရတုကဗျာတို့ဖြင့် ရွတ်ဖတ်ပူဇော်ခြင်းနှင့် ကြွရောက်လာသည့် လူပရိသတ်များအား ဘောဇဉ်အဟာရများကျွေးမွေးခြင်းတို့ဖြင့် ပွဲတော်ကို ရိုးရာအစဉ်အလာအတိုင်း စည်ကား သိုက်မြိုက်စွာ ဆင်ယင် ကျင်းပသွားမည်ဟု ဘုရားလူကြီးများက ပြောသည်။

 

ကျင်ပွဲများကို ကဆုန်လဆန်း (၃၊ ၄၊ ၅)ရက်များနှင့် မေ (၂၊ ၃၊၄) ရက်များတွင် ကျင်းပကာ အာရက္ခမဏ္ဍိုင် ယဉ်ကျေးမှုအနုပညာသဘင်က သုံးညတိုင်တိုင် ကပြဖြေဖျော်သွားမည်ဟု သိရသည်။

 

ကံဖေ ပေါ်တော်မူဘုရားပေါင်းဘုရားမှာ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာခန့်က သင်္ဂဇာရွာနား လယ်ကွင်းတွင် ရေကန်တူးဖော်ရာမှ ပြိုပျက်နေသည့် ဘုရားသုံးဆူကို တူးဖော်တွေ့ရှိခဲ့ပြီး အဆိုပါဘုရားသုံးဆူကို ကံဖေတိုက်နယ်မှ ကျွေးရွာသားများစုပေါင်းကာ ဉာဏ်တော်ကြီးဘုရားတစ်ဆူ ထုလုပ်ကာ ပူဇော်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ ယခင် ရှိခဲ့သော ပေါ်တော်မူဘုရား ၃ ဆူနှင့်ပတ်သတ်၍ တည်ထားကိုးကွယ်ခဲ့သည့် အချိန်ကာလနှင့် မည်သူကတည်ထားခဲ့သည်ကို အသေးစိတ်မသိရှိရု သိရသည်။

 

Share: