တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်မှအစ္စလာမ်ဘာသာဝင်တို့၏ အိဒ်ပွဲတော်ကို မေ ၃ ရက်မှ ၅ ရက်အထိ ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 6.4k

သဥ္ဇာနွယ်
နိရဥ္စရာ ၊ မေ ၂ /၂၀၂၂
ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာဝင်တို့၏ အိဒ်ပွဲတော်ကို မနက်ဖြန် မေလ၃ ရက်နေ့မှ၅ ရက်နေ့ထိ ကျင်းပသွားမည်ဟုသိရသည်။
၄င်းပွဲတော်ကိုရခိုင်ပြည်နယ်မှ မြို့နယ်အနှံ့အပြားတွင်နေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များက မေလ ၃ ရက်နေ့မှ ၅ ရက်နေ့ထိ မိမိတို့၏ သက်ဆိုင်ရာဘာသာရေးကျောင်း(ဗလီ)များတွင် ကျင်းပ သွားမည်ဟု စစ်တွေမြို့မ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ သံတော်လီအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်လှက နိရဉ္စရာသတင်းဌာနကိုပြောသည်။
" ဒီဘာသာရေးပွဲကနှစ်စဥ်နှစ်တိုင်းပဲပြုလုပ်နေကြတာပါ။ ကျနော်တို့ ဘာသာဝင်တွေရဲ့ ဥပုသ် ထွက်တဲ့လလည်းဖြစ်တယ်။ ပြီးတော့ ပွဲက ကိုယ့်အိမ်မှာကိုယ် မုန့်တွေလုပ်ပြီး ကျွေးရုံလောက်ပါပဲ" ဟုပြောသည်။
အစ္စလာမ်ဘာသာဝင်တို့၏ အိဒ်ပွဲတော်အတွင်း လုံခြုံရေးကို တင်းကြပ်ရန် အစီအစဉ် မရှိပဲ ပုံမှန်လုံခြုံရေး အတိုင်းသာ ဆောင်ရွက်ပေးထားသည်ဟု ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးက ပြောသည်။
" ဦးလေးတို့အနေနဲ့တော့ ပုံမှန်လုံခြုံရေးပါပဲ။ အိဒ်ပွဲတော်အတွင်း လွတ်လပ်စွာကျင်းပလို့ရအောင် တင်းတင်း ကြပ်ကြပ်လုပ်ထားတာ ဘာမှ မရှိပါဘူး" ဟုပြောသည်။
အဆိုပါပွဲတော်မှာ ဘာသာရေးအရ သမာဓိရှိသောလူသားအချင်းချင်း နူတ်ဆက်ခြင်း၊ မေတ္တာထားခြင်း၊ ကျွေးမွေးလှူဒါန်းသော စားသုံးရသော ပျော်ပွဲရွင်ပွဲတစ်ခုဖြစ်ပြီး ပွဲတော်ကိုကျင်းပရသည့်အတွက် အလွန်ပီတိ ဖြစ်မိသည်ဟု မောင်တောမြို့ မှအစ္စလာမ်သာသနာရေးရာပညာရှင်များအဖွဲ့ ဥက္ကဋ္ဌ မော်လဝီဟာမိန်ဒူလာကပြောသည်။
" အခုကျင်းပမယ့် ပျော်ပွဲရွင်ပွဲက လူသားအချင်းချင်းမေတ္တာထားတာ၊ တစ်ယောက်အိမ်တစ်ယောက်အလည်သွားကြတာ၊ မုန့်တွေကျွေးကြတဲ့ပွဲ ဖြစ်တယ်။ ခုကျရောက်တဲ့အိဒ်နေ့က ရက်ကြီးရက်မြတ်၊ နေ့ထူးနေ့မြတ် ဖြစ်တယ်။ ဒီလိုပွဲတွေနဲ့ ကြုံတွေ့ခွင့်ရလို့ ပီတိဖြစ်မိတယ်"ဟုပြောသည်။
စစ်အာဏာသိမ်းမှုအောက်တွင် မြန်မာပြည်တွင်းက မွတ်စလင်အဖွဲ့အစည်းများ အနေဖြင့် အိဒ်ပွဲတော်ကျင်းပသည့် အခါ နေအိမ်များအထဲတွင် မိသားစုနှင့် အတူ သိုသိပ်စွာ ကျင်းပဆင်နွှဲကြရန် မွတ်စလင်တော်လှန်ရေး အင်အားစုများ စာထုတ်တိုက်တွန်းထားသည်ဟုလည်း သိရသည်။
(ရန်ကုန်မြို့မှ အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်ထွက်နေ့မြင်ကွင်း /ဓာတ်ပုံ- ဘီဘီစီ)

ဆက်စပ် သတင်းများ