သဥ္ဇာနွယ်၊ မြထွီးသျှင်
နိရဥ္စရာ၊ မေ ၅ /၂၀၂၂
၇ခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မူဆလင် ၅ ဦးဖမ်းဆီးခံရပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးတို့ ထပ်မံဖမ်းဆီးခံလိုက်ရသည်ဟု သိ၇သည်။
ဖမ်းဆီးခံရသူများမှာ စစ်တွေမြို့နယ်၊ ဘောဒူဖ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဖီး (၄၀ နှစ်ခန့်)နှင့် ကြက်ကိုင်းတန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန် (၅၈ နှစ်)တို့ဖြစ်ကြသည်။
၄င်းတို့နှစ်ဦးအနက် ဘောဒူဖ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဖီးကို ယမန်နေ့ မေလ ၄ ရက်နေ့ ည ၈ နာရီခန့်တွင် စစ်သားအချို့ နေအိမ်သို့လာရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် မူဆလင်လူငယ်တစ်ဦးက နိရ ဉ္စရာကို ပြောသည်။
"ဖမ်းတာက ULA/AA ကြောင့်လားဆိုတာလား။ အမဲလိုင်စင်ကြောင့်ဆိုတာလား သေချာမပြောနိုင်ဘူး။ ကျနော်သိတာက အမဲလိုင်စင်ကြောင့်ပြဿနာဖြစ်ကြတဲ့အထဲမှာ ဒီအဖမ်းခံ၇တဲ့လူတွေချည်းပဲ။ တစ်ယောက်ပြီးတစ်ယောက်ဖမ်းနေတာ"ဟု ပြောသည်။
ကြက်ကိုင်းတန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန်ကိုလည်း ယမန်နေ့ မေလ ၄ ရက် ည ၈ နာရီခွဲတွင် ၎င်း၏နေအိမ်မှ ရဲနှင့်စစ်တပ်အင်အား ၃၀ ခန့်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက နိရဥ္စရာသို့ပြောသည်။
“အဆက်အသွယ်လည်း မရ၊ တစ်ခုမှမသိရဘူး။ မနေ့ကနေ နာရီဝက်လောက်မေးမြန်းစစ်ဆေးပြီးရင် ပြန်လွတ်မယ်ဆိုပြီးတော့ ခေါ်သွားတာ အခုထိမလွတ်သေးဘူး။ နည်းနည်းမေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားတာ။ ဘာကြောင့်ဖမ်းသွားမှန်းလဲ တစ်ခုမှမပြောခဲ့ဘူး။ ကျန်းမာရေးကလည်း သိပ်မကောင်းတော့ စိတ်ပူတယ်။ အခုလည်း အဆက်အသွယ်မ၇ဘူး။ ဘယ်မှာထားမှန်းလဲမသိဘူး” ဟု ယနေ့ ညနေ ၃ နာရီခွဲခန့်က ပြောသည်။
ယနေ့ မေလ ၅ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ကြက်ကိုင်းတန်အုပ်ချုပ်ရေးမှူး၏နေအိမ်အား ရဲနှင့်စစ်တပ်ကလာရောက်ကာ ဓာတ်ပုံမှတ်တမ်းရိုက်ယူသွားကြောင်း မျက်မြင်များက ပြောသည်။
မေလ ၃ ရက်နေ့ ညနေ ၆ နာရီခန့်ကလည်း စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက် အကွက် ၉ မှ ဦးနာဂူ(ခ)ဦးမောင်ဘ၊ သက္ကယ်ပြင်ကျေးရွာမှ ဦးအီးစူး(ခ)ဦးလှမြင့်နှင့် ဦးကျော်နု၊ ဘောဒူဖကျေးရွာမှ ဦးနူရ်ဟူးဆောင်း (၆၉)နှစ်၊ ဒါးပိုင်ကျေးရွာမှ ဦးဆော်လိမ်း(ခ)စောနီတို့ဖမ်းဆီးခံခဲ့ရပြီး ယနေ့ညနေပိုင်းအထိ အဆက်အသွယ်မ၇သေးကြောင်း မိသားစုများက ပြောသည်။
၄င်းတို့ကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးခြင်းဖြစ်ပြီး မည်သည့်နေရာတွင်ထိန်းသိမ်းထားသည်ကို သိရှိလိုသည်ဟုလည်း ဖမ်းဆီးခံ၇သူများ၏မိသားစုများက ပြောကြသည်။
ယခုကဲ့သို့ ဖမ်းဆီးခံရမှုများနှင့်ပတ်သက်ပြီး စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ကို ဆက်သွယ်မေးမြန်းရာ သူက "ကျနော်တို့အနေနဲ့ ဘာမှသိထားတာမရှိဘူး။ ဒီဟာကိုတော့ အစိုးရအဖွဲ့က ဦးလှသိန်းတို့ကို ဆက်မေးမှ၇မယ်" ဟု ပြောသည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကိုဆက်သွယ်ရာ အစည်းအဝေးတွင်ဖြစ်၍ မအားသေးဟု ဆိုသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ထပ်မံဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
ဓာတ်ပုံ - စစ်တွေတွင် မူဆလင်အချို့အား ရဲတပ်ဖွဲ့ဝင်များက ခေါ်ဆောင်လာသည်ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်းက တွေ့၇စဉ်။