နိရဉ္စရာ၊မေ ၆/၂၀၂၂
ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အနောက်ပိုင်းတိုင်း တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးကို ယနေ့ သူ၏ Twitter တွစ်တာလူမှုကွန်ယက် စာမျက်နာမှတဆင့် မာမာထန်ထန်သတိပေးမှုတစ်ခုကို ပြုလုပ်ခဲ့သည်။
"ကိုထင်လတ်ဦးသိပ်လျှောက်မလုပ်နဲ့အာရုံနောက်နေပြီ၊ငြိမ်းချမ်းရေးဘာညာ သောက်ဂရုစိုက်နေမှာ မဟုတ်ဘူး။ မင်းနေတဲ့နေရာထိတက်ကြိတ်ပလိုက်မှာနော်" ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လူမှုကွန်ရက် Twitterတွင် ရေးသားခဲ့သည်။
အဆိုပါရေးသားမှုနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ ဘာတွေ ဖြစ်လာနိုင်ပါသလဲဟု မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကိုမေးမြန်းရာသူကယခုလို ပြောကြားသည်။
“ အဲဒါတော့အခြေအနေ မှန်းဆလို့မရဘူးဗျာ။ ဒါပေမဲ့ အခြေအနေတွေက ထပ်ပြီးတော့ ဖြစ်လာရင်တော့သူပြောသလို ဖြစ်သွားနိုင်တာပေါ့နော်” ဟု ပြောဆိုသည်။
ရက္ခိုင့်တပ်တော်( AA) တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တွစ်တာမှ တဆင့် အနောက်ပိုင်း တိုင်းမှူးကိုရေးသားမှုနှင့် ပတ်သက်ပြီးလည်း ဦးဖေသန်းက ယခုလို သုံးသပ်ပြောဆိုသည်။
“ ဒါကတော့တစ်ဘက်နှင့် တစ်ဘက် နားလည်မှု တည်ဆောက်ထားတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက်သည်းမခံနိုင်တဲ့ ကိစ္စရပ်တွေကိုတော့ ချင့်ချိန်ဖို့ လိုတာပေါ့။အဲလို့မဟုတ်ဘဲနဲ့ ဒီလို ကိစ္စရပ်တွေမှာ အမှားအယွင်း မခံနိုင်တဲ့ကိစ္စမျိုးတွေပေါ့။ ဒါကြောင့် တစ်ဖက် လုပ်ဆောင်ချက် တွေဟာ တစ်ဘက်ကို ထိခိုက်လာမယ်။ဒါမှာမဟုတ် ပြည်သူ့တွေကို ထိခိုက်လာတယ်လို့ တစ်ဘက်က ခံစားရတာဖြစ်တာကြောင့်အဲလိုပေါက်ကွဲတာလို့ ထင်ပါတယ်။ ဒီလို အချိန် မျိုးမှာတော့ ပြည်သူ့တွေကိုထိခိုက်မှုမရှိအောင်၊ တပ်တော်ကို ထိခိုက်မှု မရှိအောင် တစ်ယောက်နဲ့တစ်ယောက်ဆင်ခြင်ဖို့တော့လိုတယ်လို့မြင်ပါတယ်။”