ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်း စစ်ဆေးရေးများ တင်းကျပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 5k

နိရဥ္စရာ၊ မေ ၁၀/၂၀၂၂
ယခုရက်ပိုင်းအတွင်းတွင် ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များတွင် ခရီးသွားကားများကို စစ်ဆေးခြင်းများတင်းကျပ်လာနေကြောင်း ခရီးသွားပြည်သူများက ပြောသည်။
ထိုသို့တင်းကျပ်စွာစစ်ဆေးရာတွင် ခရီးသွားများ၏ မှတ်ပုံတင်များကိုစစ်ဆေးခြင်း၊ ကားနောက်ဖုံးများဖွင့်၍ စစ်ဆေးခြင်းတို့ကို ပြုလုပ်နေကြောင်း ရသေ့တောင်နှင့်စစ်တွေသို့ ယာဉ်လိုင်းပြေးဆွဲနေသည့် ကားသမားများက ပြောသည်။
ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းတစ်လျှောက်တွင် မြန်မာစစ်တပ်၏ စစ်ဆေးရေးဂိတ် ၄ ခုရှိပြီး ထိုအထဲမှ ဒုတိယမြောက်စစ်ဆေးရေးဂိတ်ဖြစ်သည့် ဖက်ကျစစ်ဆေးရေးဂိတ်တွင် အစစ်အဆေးပိုမိုတင်းကျပ်နေကြောင်း ခရီးသည်ယာဉ်လိုင်းပြေးဆွဲနေသည့် ကားသမားတစ်ဦးက နိရဥ္စရာသို့ပြောသည်။
“ကားပေါ်မှာဘာတွေပါလဲ၊ ဘယ်ကိုသွားတာလဲမေးတယ်။ ပြီးတော့ သူတို့ပြောတာက အရင်နဲ့မတူဘူးလို့ပဲပြောတယ်။ အဲဒါကတော့ ဘာကိုဆိုလိုတာလဲမသိဘူး။ ဂိတ် ၄ ဂိတ်စလုံးတော့ မစစ်ဘူး။ ကျောက်တန်းဂိတ်တို့မှာတော့ ဒီနေ့မစစ်ဘူး။ ဒါပေမယ့် စစ်သားတွေ အများကြီးမြင်ခဲ့တယ်။ စစ်ဆေးရေးတင်းကျပ်လာတဲ့ ပုံမျိုးပါပဲ” ဟုပြောသည်။
ယခုကဲ့သို့ စစ်ဆေးရေးဂိတ်များတွင် အစစ်အဆေးများပိုမိုတင်းကျပ်လာသည့်အတွက် အဆိုပါကားလမ်းပိတ်သွားမည်ကို စိုးရိမ်မိကြောင်း ရသေ့တောင်မြို့မှ ကားသမားတစ်ဦးက ပြောသည်။
“ကားလမ်းနဲ့ပဲ လုပ်စားနေရတာဆိုတော့ ကားလမ်းပိတ်သွားမှာကို စိုးရိမ်တာတော့ရှိတယ်။ မနေ့ကတော့ အဲဒီဂိတ်တွေမှာ ကျည်တွေကို သေတ္တာလိုက်၊ လက်နက်တွေချထားတာမြင်ခဲ့တယ်။ စစ်ဆေးတဲ့အချိန်ကကြာတော့ အမြဲတမ်းကတော့ ကြန့်ကြာတာပါပဲ” ဟုပြောသည်။
ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းသည် မိုင်ပေါင်း ၄၂ မိုင်ရှည်လျားပြီး ယခုကဲ့သို့စစ်ဆေးမှုများတင်းကျပ်နေသည့်အတွက် ခရီးသွားများအနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ရသေ့တောင်မှ စစ်တွေသို့သွားသည့် ခရီးသွားတစ်ဦးက ပြောသည်။
“ရသေ့တောင်လိုမြို့က မိုးရာသီဆိုရင်လည်း ရေလမ်းကသွားရတာအဆင်မပြေဘူးပေါ့နော်။ သွားချင်တဲ့အချိန်သွားချင်တဲ့နေ့သွားလို့မရဘူး။ ကားနဲ့ဆိုတော့ ကားလမ်းမကောင်းရင်လည်း ဘာပဲဖြစ်ဖြစ် သွားရလာရတာအဆင်ပြေတယ်ပေါ့နော်။ ဒါပေမယ့် အခုလိုမျိုးအစစ်အဆေးတွေလုပ်နေတော့ သွားရတာ စိတ်ကမလုံခြုံဘူး။ စိတ်အနှောင့်အယှက်ဖြစ်ရတယ်”ဟုပြောသည်။
အဆိုပါကားလမ်းတစ်လျှောက်တွင် ယခုရက်ပိုင်းအတွင်း စစ်တပ်အင်အားများလည်း တိုးချဲ့ချထားမှုများရှိလာနေကြောင်းလည်း ဒေသခံများက ပြောသည်။
(NN-8)

ဆက်စပ် သတင်းများ