ရခိုင်သို့ ပျံသန်းသည့်လေကြောင်းများ၏ လေယာဉ်လက်မှတ်များ ၂လ ကြာသည်ထိ ဆက်လက်မြင့်တက်လျက်ရှိ


နိရဥ္စရာ၊ မေ၁၄ /၂၀၂၂
ရခိုင်ပြည်နယ်အတွင်းသို့ ပျံသန်းနေသည့် လေကြောင်းခရီးစဥ်များ၏ လေယာဥ်လက်မှတ် စျေးနူန်းများမှာ ၂ လကြာသည်ထိ ဆက်လက် မြင့်တက် လျက်ရှိပြီး တချို့လေကြောင်းလိုင်းများ၏ စျေးနှုန်းမှာ စစ်တွေ-ရန်ကုန် တစ်ကြာင်းတည်းကို တစ်သိန်းခွဲထိဆက်လက်မြင့်တက်နေကြောင်း သတင်းရရှိသည်။
ရန်ကုန်-စစ်တွေ လေယာဥ်လက်မှတ်ခနူန်းမှာ ဧပြီလလောက်မှစတင်ကာ ကျပ် ၈၅၀၀၀မှ ၁၅၀၀၀၀ထိ စျေးနူန်းများ ဆက်လက်မြင့်တက်လျက်ရှိပြီး တစ်ခြား ရန်ကုန်-သံတွဲ၊ ရန်ကုန်-ကျောက်ဖြူ၊ ရန်ကုန်-အမ်းနှင့် ရန်ကုန်-မာန်အောင် သို့ ပျံသန်းသည့် လေကြောင်းများ၏ လေယာဥ် လက်မှတ်များမှာလည်း မြင့်တက်လျက်ရှိသည်ဟု လက်မှတ် အရောင်းဌာနများက ပြောသည်။
ယခုကဲ့သို့ စျေးနူန်းများ မြင့်တက်နေရခြင်းမှာ ခရီးသည်များ အသွားအလာ များနေခြင်းနှင့် တစ်ဖက်တွင် ရန်ကုန်နှင့် စစ်တွေကို ပျံသန်းနေသည့် လေကြောင်းလိုင်းများ လျော့ကျသွား၍ ဖြစ်နိုင်သည်ဟု Sun Moon လေယာဥ် အရောင်းဌာနပိုင်ရှင် ဒေါ် မိုးနှင်းငယ်က နိရဥ္စရာကိုပြောသည်။
“ အခုက ခရီးသွာတွေ အရမ်းများတယ်။ အရင်က ရန်ကုန်ကနေ စစ်တွေကို လေကြောင်းလိုင်း ၅ ခု နေ့စဥ်ပုံမှန်ပြေးဆွဲခဲ့ပေမယ့် ဧပြီလ နောင်ပိုင်းက စပြီး ၃ လိုင်းသာပြေးဆွဲတယ်။ ခရီးသည်များပြီး လေကြောင်းလိုင်း လျော့ကျသွားတဲ့ အတွက် စျေးနှုန်းတွေတက်တာဖြစ်နိုင်သလို တစ်ဖက်မှာလည်း စက်သုံးဆီ စျေးတွေမြင့်တက်သွားတဲ့ အတွက်လည်း ဖြစ်နိုင်ပါတယ်”ဟု ၎င်းကပြောသည်။
၎င်းအပြင် လေယာဥ်လက်မှတ်များကို နှစ်ပတ်ကြိုဝယ်ထားလျှင် သက်သာသောစျေးနူန်း ၈၅၀၀ဝဖြင့် ရရှိပြီး ရက်နီးကပ်မှ ဝယ်ယူလျှင် ကျပ် ၁သိန်းမှ၁သိန်းခွဲအထိ ပေးရသည်ဟုသိရသည်။
" စျေးတက်နေတာကတော့ ၂လနီးပါးရှိပြီ။ လေကြောင်းလိုင်းတွေကလည်း သိပ်မဆွဲတော့ ရှိတဲ့ လေကြောင်းလိုင်းတွေနဲ့သွားရတဲ့အခါ စျေးတက်တာ ဖြစ်နိုင်သလို ဆီစျေးတွေ တက်တာကြောင့်လည်းပါတယ်။ ကျွန်မတို့ဆီ လက်မှတ် လာဝယ်တဲ့ ခရီးသည်တွေကတော့ တော့ပုံမှန်ပါပဲ။ ဒါပေမယ့် လျော့ကျသွားတာတော့ မရှိဘူး " ဟု ပြောသည်။
ယခုကဲ့သို့ လေယာဥ်စျေးနှုန်းများမြင့်တက်သောကြောင့် ယခင်ကကဲ့သို့ ခရီးသည်များ လေယာဉ်ဖြင့် သွားလာမှုနည်းပါးသွားကာ အဝေးပြေး ယာဥ်လိုင်းများဖြင့်သာ သွားကြသည်ဟု လေယာဥ်စီးခရီးသည် တစ်ဦးက ပြောသည်။
" အရင်ကဆိုလေယာဥ်နဲ့အမြဲသွားဖြစ်တယ်။ အခုနောက်ပိုင်း စျေးတွေတအား တက်လာတော့ သိပ်မသွားနိုင်တော့ဘူး။ ကားနဲ့ပဲသွားကြတာများတယ်" ဟုပြောသည်။
ရခိုင်မှ လက်ရှိတွင် ပြည်ပသို့ အလုပ်အကိုင် လုပ်ကိုင်ရန် ထွက်ခွာနေသူများ နေ့စဉ် များပြားနေသလို ဒေသတည်ငြိမ်နေသဖြင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသူများလည်း ရှိနေသဖြင့် ခရီးသွားများ နေ့စဉ်များပြားလျက် ရှိနေသည်ဟု သိရသည်။
စစ်တွေမှနေ ပြန်လည်ထွက်ခွာ ပျံသန်းနေသော လေယာဉ်လိုင်းများမှာ စစ်တွေ-ရန်ကုန်၊ စစ်တွေ-မန္တလေး၊ စစ်တွေ-နေပြည်တော်၊ စစ်တွေ-သံတွဲ၊ စစ်တွေ-ကျောက်ဖြူနှင့် စစ်တွေ-မာန်အောင်ခရီးစဉ် တို့ဖြစ်ကြသည်။

Share: