ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်မည့် ALP ရခိုင်လူမျိုးကိုကိုယ်စားမပြုဟုဆိုကာ ရခိုင်လူငယ်အဖွဲ့အစည်း ၂၄ ဖွဲ့ ကန့်ကွက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 7.2k

နိရဉ္စရာ၊ မေ ၁၆/ ၂၀၂၂
စစ်ကောင်စီက ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်မည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)အား ရခိုင်ပြည်နယ်ရှိ လူငယ်အဖွဲ့အစည်း ၂၄ဖွဲ့က ကန့်ကွက် ရှုတ်ချရခြင်းမှာ ၎င်းအဖွဲ့သည် ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးကိုကိုယ်စားမပြု၍ ဖြစ်ကြောင်း ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးက ပြောသည်။
မေလ ၁၅ရက်နေ့တွင် ရခိုင်ပြည်နယ်ရှိလူငယ်အဖွဲ့အစည်း ၂၄ဖွဲ့က စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်မည့် ALP အား ကန့်ကွက် ရှုတ်ချကြောင်း ကြေငြာချက်ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ဆက်သွယ် မေးမြန်းစဉ် ၎င်းက ထိုသို့ပြောကြားသည်။
“ ALP ဟာ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးများကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း မဟုတ်တဲ့ အတွက် ယခုလို ကန့်ကွက်ရှုတ်ချရတာဖြစ်ပါတယ်” ဟု ကိုကျော်နိုင်ဌေးကပြောဆိုသည်။
လူငယ် အဖွဲ့ (၂၄) ဖွဲ့မှ ထုတ်ပြန်ချက်တွင်လည်း တော်လှန်ရေးအမည်ခံ - ALP အဖွဲ့အစည်းသည် အာရက္ခပြည်နှင့်အာရက္ခလူမျိုးများကို ကိုယ်စားပြုသော အဖွဲ့အစည်းမဟုတ်သည့်အပြင် ALP ၏ယခုကဲ့သို့သော လုပ်ရပ်များကိုလည်း များစွာစိတ်ပျက်မိပါကြောင်း၊ အခြားတစ်ဖက်တွင်လည်း လူသားမျိုးနွယ် အပေါ်ပြစ်မှုကျူးလွန်ထားသော စစ်ကောင်စီကို အားပေးကူညီရာ ရောက်သည့် အပြင် ဒီမိုကရေစီအရေး ကြိုးပမ်းအားထုတ်နေသူများကို ပမာမခန့် စော်ကားရာရောက်နေကြောင်း ဖော်ပြထားသည်။
ကိုကျော်နိုင်ဌေးက "စစ်ကောင်စီအစိုးရက ဖိတ်ခေါ်ထားတဲ့ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲမှာ ALPက ရခိုင်ပြည် ကိုယ်စားပြုတက်ရောက်နေတဲ့ ပုံစံမျိုး ပုံရိပ်ကထင်နေတယ်။ လက်ရှိALPနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ရင်လည်း ကျွန်တော်တိုရခိုင်ပြည်သူတွေ ထောက်ခံထားတဲ့အဖွဲ့အစည်း မဟုတ်ရင် ဒီဟာကဘာတစ်ခုမှ အရာရောက်ဖို့မဟုတ်ဘူး။ အမှန်တစ်ကယ် ကျွန်တော်တို့ ရခိုင်တစ်မျိုးသား လုံးကို အမျိုးသားရေးလမ်းစဉ်အရ ကျွန်တော်တို့ မှာ ရက္ခိတလမ်းစဉ်ရှိတဲ့အတွက် ရခိုင်ပြည်သူတွေ ထောက်ခံထားတဲ့အဖွဲ့နဲ့ ငြိမ်းချမ်းရေဆွေးနွေးမှသာ အမှန်တစ်ကယ်ငြိမ်းချမ်းရေးရမှာဖြစ်တယ်"ဟု ပြောသည်။
ယခုလိုကန့်ကွက်ရှုတ်ချကြသည့် အဖွဲ့အစည်း များမှာ ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂ၊ သက်လူငယ် ဖွံ့ဖြိုး တိုးတက်ရေးအသင်း၊ ကမန်ကျောင်းသားလူငယ်အဖွဲ့၊ မြိုတက္ကသိုလ် ကျောင်းသား/သူများ အသင်း၊ မဟာရက္ခိတအဖွဲ့နှင့် ရက္ခိုင်ပြည်ရှိလူငယ်အဖွဲ့အစည်း ၂၄ဖွဲ့တို့ ဖြစ်ကြသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP)မှ ဒုဥက္ကဌ ဒေါ်စောမြရာဇာလင်းကို Narinjaraမှ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုမှုမရှိခဲ့ပါ။
နစကဥက္ကဋ္ဌ ဗိုလ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်း ချမ်းရေးအတွက် ၎င်းကိုယ်တိုင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအသီးသီးမှ ခေါင်း ဆောင်များနှင့်တွေ့ဆုံဆွေးနွေးမည်ဟု နိုင်ငံပိုင် ရုပ်သံမှတစ်ဆင့် ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့တွင် ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်က AA၏ အုပ် ချုပ်ရေးယန္တရားများကို နှောက်ယှက်ပေးနေခြင်း ၊ ပြည်သူများအပေါ် ဖိအားပေးနေခြင်းတို့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စောင့်ကြည့်ရဦးမည် ဖြစ်သည်ဟု ရက္ခိုင့်တပ်တော် (AA) ကထုတ်ဖော်ပြောဆိုထားသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ NCAထိုးထားသည့် အဖွဲ့များထဲမှ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNLA/PC)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)နှင့် မွန်ပြည်သစ်ပါတီ (NMSP)တို့ တက်ရောက်မည်ဖြစ်သည်။
အလားတူ NCAမထိုးသည့်အဖွဲ့အစည်းထဲမှ ဝပြည်သွေးစည်း ညီညွတ်ရေး တပ်(UWSA)၊ မိုင်းလားအဖွဲ့ (NDAA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့ တက်ရောက်ကြမှာဖြစ်သည်ဟု သိရသည်။ (NN-11)

ဆက်စပ် သတင်းများ