သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်ထွက်ကုန်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံစျေးကွက်ကြီးများကို တင်ပို့နိုင်ရေးဆွေးနွေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 8k

နိရဥ္စရာ ၊မေ ၁၇/၂၀၂၂
ရခိုင်ထွက်ကုန်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံစျေးကွက်ကြီးများကို တင်ပို့နိုင်ရေး ကိစ္စရပ်အပါအ၀င် နှစ်နိုင်ငံ ကုန်သွယ်ဆိုင်ရာကိစ္စရပ်များကို ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E Manjurul Karim Khan Chawdhury ဦးဆောင်သော အဖွဲ့နှင့် ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းတာဝန်ရှိသူများသည် ယခုလ ၁၄ ရက်နေ့က စစ်တွေမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု သတင်းရရှိသည်။
ဆွေးနွေးကြရာတွင် ရခိုင်ထွက်ကုန်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒက္ကား၊ စစ်တကောင်း စျေးကွက်ကြီးများကို တင်ပို့နိုင်ရေးအထိ ဆွေးနွေးခဲ့ကြသည်ဟု ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အတွင်းရေးမှုး ဦးအောင်အောင်က နိရဉ္စရာသတင်းဌာနကို ပြောသည်။
"စစ်တကောင်းတို့၊ ဒါကား စျေးကွက်တွေကိုသာ တိုက်ရိုက်တက်နိုင်မယ်ဆို ပိုပြီး သက်သာ လျင်မြန်တဲ့အစီအစဉ်တွေရှိရင် ကုန်သွယ်မှုက ပိုပြီး ဖြစ်နိုင်တယ်ပေါ့ သူတို့ပြောတာက။ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဟိုဘက်က ကုန်သည်တွေနဲ့တွေ့ဆုံပြီး လုပ်ငန်းရှင်အချင်းချင်း အဖြေရှာကြမယ်ပေါ့လေ။ Business mission လေးတွေလုပ်ဖို့ဆွေးနွေးဖြစ်တယ်။ ဖြစ်နိုင်ရင် ဇွန်လလောက်မှာတော့ ဟိုဘက်ဒီဘက်ကုန်သည်တွေ ဆွေးနွေးဖို့ စီစဉ်ထားတယ်"ဟု ပြောသည်။
၎င်းတွေ့ဆုံဆွေးနွေးပွဲကို မေလ ၁၄ ရက်နေ့ ညနေ ၇ နာရီခွဲတွင် စစ်တွေမြို့ ၊ ကမ်းနားလမ်းရှိ SS စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည်။
၎င်းဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Manjurul Karim Khan Chawdhury ဦးဆောင်သောအဖွဲ့နှင့် ကောင်စစ်ဝန်ရုံး(စစ်တွေ)မှ Mr. Mohammad Barikul Islam တို့၏ ဖိတ်ကြားမှုကြောင့် ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း တာဝန်ရှိသူများ နှင့် CEC အဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထိုဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးမှ ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ပြည်နယ် ကုန်သွယ်ရေးကို နယ်စပ်ကုန်သွယ်ရေးထက် သာလွန်အောင် လုပ်ဆောင်သွားရန်လည်း တိုက်တွန်းခဲ့သည်ဟု သိရသည်။
ဦးအောင်အောင်က "သူတို့ပြောတာကတော့ နယ်စပ်ကုန်သွယ်ရေးထက် ပိုသာလွန်တဲ့ကုန်သွယ်မှုကို လုပ်သွားမယ်ပေါ့။ နယ်စပ်ကုန်သွယ်ရေးဆိုတာက နည်းနည်းလေးပဲပေါ့။ လူတိုင်းလည်း မလုပ်နိုင်ဘူး။တကယ့် စျေးကွက်ကို ရောက်ဖို့အတွက်ကျတော့လည်း လမ်းခရီးက ဝေးသွားတော့ သယ်ယူ စရိတ်တွေက များတယ်။ ဒါတွေကြောင့် ကုန်သွယ်မှု မတိုးမြှင့်နိုင်တာတွေလည်း ဖြစ်တာပေါ့။ နောက်တစ်ခုက နယ်စပ်တွေမှာက လက်ဝါးကြီးအုပ် ချယ်လှယ်တာတွေရှိတယ်။ လူတိုင်း လွတ်လပ်ခွင့်မရနိုင်ပေါ့လေ။ ဒါကြောင့် ကုန်သည်အသင်းက ဦးဆောင်ပြီး စစ်တကောင်းတို့နဲ့ တိုက်ရိုက် ကုန်သွယ်နိုင်အောင် ကြိုးစားပါဆိုပြီး သူက တိုက်တွန်းတာပေါ့"ဟု ပြောသည်။
နှစ်နိုင်ငံ ကုန်သွယ်ရေးအကောင်အထည်ဖော်နိုင်ရေးအတွက် နှစ်နိုင်ငံ ကုန်သည်များအချင်းချင်း စီးပွားရေးသက်ဆိုင်သည့် ဆွေးနွေးပွဲ တစ်ခုကို ဇွန်လလောက်တွင် စီစဉ်သွားမည်ဟု ဦးအောင်အောင်က ဆက်ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်ပြီး ရခိုင်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံဖြစ်သည့်အတွက် လက်ရှိတွင် နယ်စပ် ကုန်သွယ်ရေး စခန်းများမှတဆင့် ကုန်သွယ်မှုကို လုပ်ဆောင်လျှက်ရှိကာ ယခုကဲ့သို့ ကုန်သွယ်မှုတိုးမြှင့်နိုင်ရန် ညှိနှိုင်းမှုများအပေါ် ကြိုဆိုကြောင်း ရခိုင်စီးပွားရေးလုပ်ငန်းရှင်များကပြောသည်။ (NN-7)
( ဓာတ်ပုံ- ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်နေမှုကို တွေ့ရစဉ်။)

ဆက်စပ် သတင်းများ