ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

စားနပ်ရိက္ခာထောက်ပံ့မှုနည်းလာမူနှင့်အတူ ပြင်ပ အလုပ်အကိုင်လည်းရှားလာ၍ စစ်ဘေးရှောင်များရပ်တည်ရေး ပိုမိုခက်ခဲလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 3.1k


နိရဥ္စရာ၊ မေ ၁၇/၂၀၂၂
ရခိုင်မှ စစ်ဘေးရှောင်များကို စစ်ကောင်စီ၏ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် NGO အဖွဲ့အစည်းများမှ လစဉ် ထောက်ပံ့ နေသည့် စားနပ်ရိက္ခာထောက်ပံ့မှုမှာ တဖြည်းဖြည်း နည်းပါး လာသလို စခန်းပြင်ပသို့ သွားရောက် အလုပ် လုပ်ကိုင်မည် ဆိုပါကလည်း အလုပ်အကိုင်ရှားပါးလာ၍ စစ်ဘေးရှောင်များ၏ ဘ၀ ရပ်တည်ရေးမှာ တစ်နေ့ထက် တစ်နေ့ ဆိုးရွားလာနေသည်ဟု စစ်ဘေးရှောင်များကပြောသည်။
ကျောက်တော်မြို့၊ ကဝိရတနာစစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် ကိုသန်းထွန်းမောင်က “ စခန်းမှာ ရတဲ့ အထောက်အပံ့က မလုံလောက်တော့ ကျနော်လည်း အပြင်ထွက်ပြီး လူတွေဆီမှာ နေ့စား အလုပ်သမားလုပ်တယ်။ ဒါပေမယ့် အပြင်မှာလည်း အလုပ်အကိုင်တွေကအရမ်းရှားတယ်။ အလုပ်က မဖြစ်တဲ့နေ့တွေများတယ်။ အလုပ်ရရင်တော့ အပြင်ထွက်ပြီး အလုပ် လုပ်ကြတယ်။ အလုပ်ကရှားတော့ စားဝတ်နေရေး အရမ်း ကျပ်တည်းလာပါတယ်” ဟု နိရဉ္စရာသတင်းဌာကို ပြောသည်။
ရခိုင်မှစစ်ဘေးရှောင်စခန်းအချို့တွင် ပြည်နယ်ကောင်စီ၏ ဆန်ရိက္ခာ ထောက်ပံ့မှုမရရှိသည်မှာလည်း သုံးလခန့်ကြာမြင့်နေပြီဖြစ်ကာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှလစဉ် တစ်ဦးလျှင် တစ်သောင်းခွဲခန့် ထောက်ပံ့မှုမှာလည်း လုံလောက်မှု မရှိသဖြင့် စစ်ဘေးရှောင်များမှာ လက်ရှိအခြေအနေတွင် အထူး အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်ဟု ဆိုသည်။
ကျောက်တော်မြို့နယ်၊ မဟာကံကြီးသျှင်စခန်းတာဝန်ရှိသူ တစ်ဦးက “WFPက ပိုက်ဆံရရင် ဆန်တွေ၊ ဘာတွေဝယ်လိုက်တယ်။ အပြင်မှာအလုပ်လုပ်ပြီးတော့ သား၊ ငါး၊ ဟင်းတွေ ရှာကြတယ်ပေါ့နော်။ အဆင်ပြေတယ်လို့တော့ မဟုတ်ဘူး၊ အလုပ်ရှာလို့ရရင် စားရတယ်ပေါ့နော်။ အလုပ်မရှိတဲ့နေ့ဆိုရင် အဆင်မပြေဘူး။ ဖြစ်သလိုကြံဖန်ပြီး စားဝတ်နေရေးကို ဖြေရှင်းနေရတာပါဘဲ။ မိဖတွေက ပန်းရံတွေ၊ လက်သမားလုပ်ကြသလို သားသမီးတွေဆိုရင်လည်း စျေးဆိုင်တွေ၊ ထမင်းဆိုင်တွေမှာ သွားလုပ်ကြတယ်။ အလုပ်ကတော့ ရှားတော့ ရှာကြံပြီး လုပ်ရတာပါဘဲ” ဟုပြောသည်။
စစ်ဘေးရှောင်အများစုမှာ နေ့စားအလုပ်များဖြစ်သည့် ပန်းရံ၊ လက်သမား၊ ကူလီထမ်း၊ မြောင်းတူး စသည့် ခက်ခဲကြမ်းတမ်းသောအလုပ်များကို လုပ်နေကြရကာ အဆိုပါအလုပ်များကို ဝင်ရောက် လုပ်ကိုင်သော်လည်း နေ့စဉ် စားဝတ်နေရေးဖူလုံရေးကို ဖြေရှင်းပေးနိုင်ခြင်း မရှိဟု ဆိုသည်။
“ စစ်ဘေးရှောင်တွေကို နေ့စဉ်ပုံမှန် အလုပ်တွေ လုပ်နိုင်အောင် ကူညီ ကြစေလိုတယ်။ ဘာအလုပ်မဆို လုပ်ချင်တယ်။ စားဝတ်နေရေးကို ကိုယ့်အလုပ်ကိုလုပ်ပြီး ဖြေရှင်းချင်တယ်။ အခုက အလုပ် တစ်ခုရဖို့အတွက် ဟိုသွား၊ ဒီလာနဲ့ လိုက်ရှာရတာ မလွယ်ကူဘူး” ဟု ၎င်းက ပြောသည်။
စခန်းတွင်းထောက်ပံ့ပေးသည့် ရိက္ခာလုံလောက်မှု မရှိသည့်အပြင် အလုပ်အကိုင်ရှားပါးနေသဖြင့် စစ်ဘေးရှောင်တချို့မှာ ရင်နှီးသည့် မိတ်ဆွေများမှ ချေးငှားကာ စားဝတ်နေရေးအတွက် ဖြေရှင်း နေရမှုများလည်းရှိနေကြောင်း သိရသည်။
ပြည်နယ်စစ်ကောင်စီက စစ်ဘေးရှောင်များကို လစဉ်ထောက်ပံ့နေသည့် ဆန်ရိက္ခာ ထောက်ပံ့မှု အစီအစဉ်မှာ စစ်ဘေးရှောင်များအတွက် ဘက်ဂျက် မရရှိသဖြင့် ပုံမှန်အတိုင်း မထောက်ပံ့ခြင်း ဖြစ်သည်ဟု ကြားသိရကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံများကပြောသည်။
ရခိုင်မှ စစ်ဘေးရှောင်များအနေဖြင့် မိမိတို့ယခင်နေထိုင်ခဲ့သည့် ရပ်ရွာများတွင်လည်း စစ်လက်နက် အကြွင်းအကျန်များရှိနေသလို တခြားတစ်ဖက်တွင်လည်း ကျေးရွာများ အတွင်း မြန်မာစစ်တပ် တပ်စွဲထားမှုများရှိနေသဖြင့် နေရပ်ကိုမပြန်နိုင်ဘဲ လက်ရှိအချိန်အထိ စစ်ဘေးရှောင်စခန်းများတွင် အခက်အခဲအကျပ်အတည်းများစွာဖြင့် နေထိုင်နေကြရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပြည်နယ်ကောင်စီပြောခွင့်ရသူအား ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါ။ (NN-8)

ဆက်စပ် သတင်းများ