သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မိုးသက်လေပြင်း ရုတ်တရက်တိုက်ခတ်မှုကြောင့် မြေပုံမြို့နယ်တွင် စက်လှေ ၁၉စီး အထိနစ်မြုပ်၊ လူအသေအပျောက်မရှိခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 8.7k

နိရဉ္စရာ၊ မေ ၂၂/ ၂၀၂၂
ယမန်နေ့ မေလ ၂၁ရက်နေ့တွင် ရုတ်တရက် တိုက်ခတ်ခဲ့သည့် မိုးသက် လေပြင်းကြောင့် လှိုင်းကြီးရာမှ ရခိုင်ပြည်နယ်မှ မြေပုံမြို့နယ်တွင် ငါးဖမ်းစက်လှေ ၁၈စီးနှင့် ခရီးသည်တင် စက်လှေတစ်စီးတို့ နစ်မြုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ခရီးသည်များနှင့် ငါးဖမ်းသမားများမှာမူ အသက်အန္တရာယ်မှ ကင်းလွတ်ခဲ့ကြသည်ဟု သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများက နိရဉ္စရာသတင်းဌာနသို့ ပြောကြားခဲ့သည်။
နစ်မြုပ်ခဲ့ကြသည့် စက်လှေများမှာ မြေပုံမြို့နယ်၊ ကျွန်းသာယာကျေးရွာမှ ငါးဖမ်းစက်လှေ ၈စီး၊ ပြင်ဝန်းကျေးရွာမှ ငါးဖမ်းစက်လှေ ၂စီး၊ ငပသုန် ကျေးရွာမှ ငါးဖမ်းစက်လှေ ၈စီးနှင့် ငပသုန်မှ ကျောက်ဖြူ မြို့သို့ ခရီသည်တင် စက်လှေ တစ်စီးတို့ဖြစ်ကြသည်။
ကျွန်းသာယာကျေးရွာမှ ငါးဖမ်းစက်လှေ ၈ စီးနစ်မြုပ်သွားကြောင်း၊ ငါးဖမ်းသမားမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဦးလှဖော်သူက နိရဉ္စရာကို ပြောသည်။
" နစ်မြုပ်သွားတဲ့ ငါးဖမ်းစက်လှေတွေ ရွာသားတွေက မနေ့က နေ့ခင်း ၂နာရီ လောက်ကနေ အိမ်ကို ရောက်နေကြပြီ။ ထိခိုက် ဒဏ်ရာရသူလည်း မရှိခဲ့ဘူး။ အခုတောင်မှ သူတို့က မြုပ်သွားတဲ့ စက်လှေတွေကို ရှာဖွေပြီး ပြန်ဆယ်ဖို့ သွားနေကြတယ်"ဟုဆိုသည်။
အဆိုပါ စက်လှေများမှာ ကျွန်းသာယာ ၏အနောက်မြောက်ဖက် ရေမိုင် ၃၀ ခန့်အကွာတွင် ငါးဖမ်းနေစဉ် လေပြင်းတိုက်ခတ်နေစဉ် လှိုင်းကြီး လာခြင်းကြောင့် နစ်မြုပ်သွားခြင်းဖြစ်ကြောင်း၊ ငါးဖမ်းသမားများကို ရေတပ်နေဗီနှင့် အနီးအနားရှိ မော်တော်ဘုတ်များကကယ်ဆယ်ခဲ့ကြခြင်း ဖြစ်ကြောင်း ဦးလှဖော်သူကပြောသည်။
ကျွန်းသာယာကျေးရွာမှ နစ်မြုပ်ခဲ့သည်ဘုတ် ၈စီးမှာ ဦးစိုးမြင့်ထွန်း၊ ဦးအောင်ဝင်း၊ ဦးထွန်းကြိုင်မြင့်၊ ဦးပန်းလှအောင်၊ ဦးကျော်နိုင်၊ ဦးနိုင်လင်းအောင်၊ ဦးအောင်စိုးသိန်းနှင့် ဦးစံမြင့်ထွန်း တို့၏ ဘုတ်များ ဖြစ်ကြသည်ဟု သိရသည်။
ယင်းအပြင် မြေပုံမြို့နယ်၊ ငပသုန်ကျေးရွာမှလည်း ငါးဖမ်းဘုတ်စုစုပေါင်း ၈စီးနှင့် ကျောက် ဖြူမြို့သို့ ခရီသည်များတင်ဆောင်နေသည့် ဦးဘသိန်း ဘုတ်မှာလည်း ကျောက်ဆောင်ကိုတိုက်မိပြီး ရေဝင်သွားကာ နစ်မြုပ်ခဲ့သည်။
ငပသုန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဘိုကြီးက "ငါးဖမ်းဘုတ်တစ်စီးမှာ လူသုံးယောက်စီပါတယ်။ မြုပ်သွားတဲ့ ၈စီးကလူတွေအခုရွာကို ရောက်နေကြပြီ။ တချို့ဆိုရင် ကျောက်ဖြူကို ရောက်သူ ရောက်သွားကြတယ်။ ဘုတ်တွေသာ ဆုံးရှုံးခဲ့ရပါတယ်။ လူတွေဘာမှမဖြစ်လို့ ကံကောင်းတယ်လို့ ပြောရမယ်"ဟု ပြောသည်။
ငပသုန်ကျေးရွာမှ နစ်မြုပ်သွားသည့် ငါးဖမ်းစက်လှေ ၈စီးမှာ ဦးထိုက်စိုး၊ ဦးကျော်မြင့်အောင်၊ ဦးလူဖြူကြီး၊ ဦးမောင်လုံးချေ၊ ဦးမောင်မြင့်ဦး၊ ဦးထက်မြတ်ကျော်၊ ဦးထက်မြတ်အောင်နှင့် ဦးမောင်စိတ်ကေဘုတ်တို့ ဖြစ်ကြသည်။
အဆိုပါ ငါးဖမ်းဘုတ် ၈စီးမှာ ငပသုန်ကျေးရွာနှင့် ၁၈မိုင်ခန့်ဝေးသည့် ကောင်တာမြီပင်လယ်ပြင်တွင် မေလ ၂၁ရက်နေ့က ငါးဖမ်းရန်ထွက် ခွာခဲ့ကြခြင်းဖြစ်သည်။
၎င်းငါးဖမ်းသမားများအပါအဝင် ခရီးသည်များလုံခြုံစွာဖြင့် နေအိမ်သို့ ရောက်ရှိနေပြီဖြစ်သည်ဟု သိရသည်။
(ဓာတ်ပုံ- တောင်ပေါ်သား/ ရခို်င်နေ့စဉ်)

ဆက်စပ် သတင်းများ