စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ပေါက်တောနှင့် မြေပုံမြို့နယ်ကြားရှိမြစ်ပြင်တွင် လေပြင်းတိုက်ခတ်၍ စက်လှေတိမ်းမှောက်ရာမှ ငါးဖမ်းသမားနှစ်ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 10.5k

နိရ ဥ္စရာ၊ မေ ၂၃ / ၂ဝ၂၂
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်နှင့် မြေပုံမြို့နယ်ကြားရှိမြစ်ပြင်တွင် လေပြင်းတိုက်ခတ်၍ စက်လှေတိမ်းမှောက်ရာမှ ငါးဖမ်းသမားနှစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူများမှာ ပေါက်တောမြို့နယ် ကျောက်မောင်းကျေးရွာမှ ကိုငယ်မောင်ချေ (၂၈ နှစ်ခန့်)နှင့် ကိုနုစိန်အောင် (၂၅ နှစ်ခန့်)တို့ဖြစ်ကြသည်။
သူတို့သည် မေလ ၂၁ ရက် ညနေ ၅ နာရီခန့်က ပေါက်တောမြို့နယ် အင်ဂရင်းချိုင်ကျွန်းနှင့် မြေပုံမြို့နယ်အကြားရှိ မြစ်ပြင်တွင် ဟွန်ဒါစက်လှေငယ်တစ်စီးဖြင့် ပိုက်ချနေစဉ် ရုတ်တရက်လေပြင်များတိုက်ခတ်ခဲ့မှုကြောင့် လှိုင်းကြီးရာမှ စက်လှေတိမ်းမှောက်ပြီး ပျောက်ဆုံးနေခဲ့သည်ဟု ရွာသားများက ပြောသည်။
ယမန်နေ့ မေလ ၂၂ နံနက်ပိုင်းတွင် ရွာသားများက သွားရောက်ရှာဖွေကြရာ အခင်းဖြစ်ပွားခဲ့သည့်နေရာအနီးတွင် တိမ်းမှောက်နေသည့် ဟွန်ဒါစက်လှေငယ်နှင့်အတူ ငါးဖမ်းသမားနှစ်ဦး၏ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြသည်ဟု ကျောက်မောင်းရွာသား ကိုဂျပန်ချေက ပြောသည်။
“ပထမဆုံးတော့ ကိုငယ်မောင်ချေကိုတွေ့တယ်။ သူနဲ့ မလှမ်းမကမ်းမှာ နောက်တစ်ယောက်ကိုတွေ့တယ်။ သိပ်မနီးမဝေးမှာပဲ မှောက်နေတဲ့စက်လှေကိုတွေ့တယ်”ဟု ပြောသည်။
သေဆုံးသွားသူများ၏ရုပ်အလောင်းများကို ယမန်နေ့ ညနေပိုင်းတွင် ကျေးရွာသုသာန်တွင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူ ကိုငယ်မောင်ချေတွင် ဇနီးနှင့် သားသမီး ၅ ဦးကျန်ရှိခဲ့ပြီး ကိုနုစိန်အောင်တွင် ဇနီးနှင့် သမီး ၂ ဦးကျန်ရှိခဲ့ကြောင်း သိရသည်။
မေလ ၂၁ ရက်နေ့လယ်ပိုင်းမှစတင်ကာ ရုတ်တရက် လေပြင်းများတိုက်ခတ်ခဲ့မှုကြောင့် မြေပုံမြို့နယ်တွင် ငါးဖမ်းစက်လှေ ၁၈ စီးနှင့် ခရီးသည်တင်စက်လှေ ၁ စီးနစ်မြုပ်ခဲ့သော်လည်း လူအသေအပျောက်မရှိခဲ့ဟု သိရသည်။
နစ်မြုပ်ခဲ့ကြသည့် စက်လှေများမှာ မြေပုံမြို့နယ်၊ ကျွန်းသာယာကျေးရွာမှ ငါးဖမ်းစက်လှေ ၈ စီး၊ ပြင်ဝန်းကျေးရွာမှ ငါးဖမ်းစက်လှေ ၂ စီး၊ ငပသုန်ကျေးရွာမှ ငါးဖမ်းစက်လှေ ၈ စီးနှင့် ငပသုန်မှ ကျောက်ဖြူ မြို့သို့ ထွက်ခွာခဲ့သည့် ခရီးသည်တင်စက်လှေ ၁ စီးတို့ဖြစ်ကြသည်။ (NN -2)
ဓာတ်ပုံ - ကိုညီဒေါင်းချေ

ဆက်စပ် သတင်းများ