တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ဧရာဝတီတိုင်း ပင်လယ်ကမ်းစပ်တစ်ခုတွင် သေဆုံးနေသည့် အလောင်း ၁၇ လောင်းခန့် တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 6k

နိရဉ္စရာ၊ မေ ၂၃/၂၀၂၂
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင်ရှိသည့် ရွှေသောင်ယံကမ်းမြို့၊အမှတ်၁ရပ်ကွက်နှင့် နွယ်ညိုချောင်း ကျေးရွာကမ်းစပ်တို့တွင် သေဆုံးနေသည့် မူဆလင်အလောင်း ၁၇လောင်းကို မေလ ၂၂ ရက် နေ့လယ် ၁နာရီ အချိန်ခန့်တွင် တွေ့ရှိခဲ့သည်ဟု ဒေသခံများကပြောသည်။
အဆိုပါသေဆုံးနေသူများမှာ မည်သည့်ဒေသမှ လာ၍ မည်သို့မည်ပုံ သေဆုံးသွားသည်ကို မသိရှိ ရသလို နယ်မြေခံရဲတပ်ဖွဲ့ကလည်း သတင်း ထုတ်ပြန်ထားခြင်းမရှိသေးဟု အမည်မဖော်လိုသည့် ရွှေသောင်ယံ မြို့ခံ တစ်ဦးကပြောသည်။
"အလောင်းတွေ့တာကတော့ ဒေသခံတစ်ယောက်ကတွေ့တာ။အဲမှာ သူကရဲတပ်ဖွဲ့ကိုအကြောင်း ကြားလိုက်တာပေါ့။ ရဲတွေက သူတို့ရဲ့အလောင်း တွေကို ရွှေသောင်ယံဆေးရုံကို ပို့လိုက်ကြတယ်။ ဆေးရုံမှာအလောင်တွေကို ရင်ခွဲစစ်ဆေးခဲ့တယ် လို့သိရတယ်ဗျ။ဒီအချိန်ထိတော့ အလောင်းတွေနဲ့ ပတ်သက်လို့ ဘာမှထုတ်ပြန်ထားတာမတွေ့ရဘူး"ဟု ပြောသည်။
ယင်းအပြင် သေဆုံးနေသည့် မွတ်ဆလင်အမျိုးသမီးငယ်တစ်ဦး၏ ရုပ်အလောင်းကိုလည်း ရွှေသောင်ယံမြို့၊အမှတ် ၁ရပ်ကွက်ရှိ ချောင်းကမ်းစပ်၌ တွေ့ရှိခဲ့ရာ လက်ရှိတွင် သင်္ဂြိုလ်လိုက်ပြီဟု မြို့ခံကိုမောင်ဝါကပြောသည်။
"နွယ်ညိုချောင်းဖက်ကလည်းတွေ့တယ်။ ဝက်သေမှာလည်း တွေ့တယ်လို့ သိရတယ်။ အဲဒီကို သွားသဂြိုလ်ပြီးမှ ဒီဘက်ကို လာပြီး သူတို့ က သင်္ဂြိုလ်တာ။ သူတို့ဆိုတာက ဒေသခံ မူဆလင်ဆရာတွေပါ။ ကျွန်တော်တို့ဖက်မှာ တွေ့တဲ့သူက အသက် ၁၄နှစ်လောက်ရှိ မယ်ထင်တယ်။ အခုတော့ သင်္ဂြိုလ်လိုက်ပါပြီ"ဟု ပြောသည်။
၎င်းအမျိုးသမီးငယ်ကို အစ္စလာမ်ဘာသာထုံးတမ်းနှင့်အညီ ညနေ ၅ နာရီကျော်တွင် သဂြိုလ်သည်ဟု သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဧရာ၀တီတိုင်းရဲတပ်ဖွဲ့သို့ဆက်သွယ်ရာ အဆက်အသွယ်မရရှိသေးပါ။
Ayeyarwaddy Times သတင်းအရ သူတို့သည် မေလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်စစ်တွေမြို့ကနေ ထွက်ခွာလာသူများဖြစ်ပြီး လူပေါင်း ၉၀ ဦးတင်ဆောင်လာသည့် စက်လှေသည် ဧရာ၀တီတိုင်းအ၀င် ဘင်္ဂလား ပင်လယ်အော်ထဲမှာ စက်လှေပျက်ပြီးမုန်တိုင်းမိကာ မေ ၂၁ ရက်နေ့က တိမ်းမှောက်ခဲ့သည်ဟု ဖော်ပြထားသည်။
သေဆုံးသူ ၁၇ ဦးရှိပြီး အသက်ဘေးမှ လွတ်မြောက်လာသူ လူပေါင်း ၃၀ ကို ကယ်တင်ထားကာ ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေသည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ (NN-11)
(ဓာတ်ပုံ- ရွှေသောင်ယံပင်လယ်ကမ်းခြေ)

ဆက်စပ် သတင်းများ