စစ်တွေ ဝါဘိုကျေးရွာသို့စစ်ကြောင်းဝင်ရောက်လာ၍ ရွာသားများစိုးရိမ်


နိရဉ္စရာ၊ မေ ၂၄/ ၂၀၂၂
စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာသို့ ယနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီ စစ်ကြောင်းတစ်ခု ဝင်ရောက် လာသဖြင့် ရွာသားများ စိုးရိမ်နေကြောင်း သတင်းရရှိသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် အင်အား ၃၀ ခန့်ရှိကာ လက်ရှိ ရွာဘုန်းတော်ကြီးကျောင်းတွင် စခန်းချနေသည်ဟု သိရသည်။
" သူတို့နဲ့ အခု အေအေနဲ့ ကြားမှာ စစ်ရေးတင်းမာနေချိန်မှာ အခုလို စစ်ကြောင်းဝင်လာတော့ စိုးရိမ်နေကြပါတယ်။ သူတို့က ရွာသားတွေကို စစ်တယ်။ လူငယ်တွေကိုဆို ပိုစစ်ဆေးတယ်ဆိုတော့ လူတိုင်းလိုလိုက စိုးရိမ်နေရပါတယ်” ဟု အမည်မဖော်လိုသူ ရွာသား တစ်ဦးကပြောသည်။
လောလောဆယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးလည်းသင်တန်းတက်နေသဖြင့် သူတို့လာရောက်ရသည့် အကြောင်းအရင်းကို မသိရသေးဟု ပြောဆိုသည်။
“ သတင်းကြားထားတာကတော့ ရဲ၊ လဝက စစ်သားတွေလာမယ်လို့တော့ သတင်း ကြားထားတယ်။ အခုဝင်လာတာတော့ စစ်သားတွေဘဲ ဝင်လာတယ်။ ရဲနဲ့ လ၀ကတို့ မပါဘူး။ သူတို့က ရွာမှာ ညအိပ်နေဖို့ကတော့သေချာတယ်။ အုပ်ချုပ်ရေးမှူးကလည်း မြို့ထဲမှာသင်တန်းသွားတက်နေတော့ ညဘက် ရောက်မှဘဲ အုပ်ချုပ်ရေးမှူးနဲ့တွေ့ပြီးတော့ အခြေအနေဘယ်လို ဖြစ်မလဲ မသိဘူး" ဟုပြောသည်။
၎င်းစစ်ကြောင်း ရွာသို့ဝင်ရောက်လာသဖြင့် မေးလားမြန်းလား လုပ်မည်ကို စိုးရိမ်မှုများရှိနေသဖြင့် ရွာသားတချို့လည်း တိမ်းရှောင်နေကြောင်း တစ်ခြား ဝါဘိုကျေးရွာသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ဝါဘိုကျေးရွာအုပ်ချုပ်ရေးမှူးအား ဆက်သွယ် ခဲ့ရာတွင် ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါ။
ပြီးခဲ့သည်မေလ ၂၂ ရက် ညည့်အချိန်ကလည်း စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာ ကျေးရွာသို့ စစ်တပ်၊ ရဲ၊ လ၀ကနှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့က အိမ်တချို့ကို ဧည့်စာရင်းစစ်ဆေးမှုများ ရှိခဲ့ကြောင်းသိရသည်။ (NN-8)

Share: