တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

AA အတွက် အခွန်ကောက်ခံပေးသည်ဟုဆိုကာ ဖမ်းဆီးခံရသည့် ကျောက်ဖြူမြို့ခံ ၂ ဦး နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မဖြင့် အမှုဖွင့်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 1.2k

နိရဥ္စရာ၊ မေ ၂၇/၂၀၂၂
ရက္ခိုင့်တပ်တော် (AA)အတွက် အခွန်ကောက်ခံပေးသည်ဟုဆိုကာ ဖမ်းဆီးခံလိုက်ရသည့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ဒေသခံ ၂ ဦးသည် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅ဝ၅(က)ဖြင့် အမှုဖွင့်ခံလိုက်ရသည်ဟု သိရသည်။
ဖမ်းဆီးခံရပြီးနောက် အမှုဖွင့်ခံလိုက်ရသူနှစ်ဦးမှာ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ ဦးသန်းလှိုင်(၄၁ နှစ်)နှင့် ဒေါ်ခင်အုန်းနွဲ့(၅၆ နှစ်)တို့ဖြစ်ကြပြီး ၄င်းတို့ကို ကျောက်ဖြူအကျဉ်းထောင်ကိုပို့ဆောင်ကာ ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ထားကြောင်း စေတီတောင်ရပ်ကွက်ဥက္ကဋ္ဌ ဦးသန်းလှိုင်က နိရဥ္စရာကို ပြောသည်။
"မိသားစုတွေပြောတာက ဒီနေ့ကတော့ တရားရုံးတင်တယ်။ တရားရုံးခေါ်ပြီး အချုပ်ကနေ ကျောက်ဖြူထောင်ကို ပို့မယ်လို့ ပြောတယ်။ ၅၀၅ (က) နဲ့အမှုဖွင့်ထားတယ်လို့ သိရတယ်”ဟု ပြောသည်။
၄င်းတို့နှစ်ဦးသည် ယမန်နေ့ မေလ ၂၆ ရက်နေ့ ညနေပိုင်း ၄ နာရီကျော်ခန့်က ရွှေဥထမင်းဆိုင်အနီးတွင် ကျောက်ဖြူအခြေစိုက် ခလရ(၃၄)တပ်ရင်းမှ တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခြင်းကိုခံလိုက်ရခြင်းဖြစ်သည်ဟု စေတီတောင်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
“AA အတွက် အခွန်ကောက်တာမှာပါလို့၊ AA အတွက် ငွေကောက်တာမှာပါတယ်လို့ ပြောပြီး ဖမ်းသွားတာ"ဟု ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများနှင့် အဆက်အသွယ်မရသည့်အတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်ဟု သိရသည်။
ရခိုင်မှ မြို့နယ်အချို့တွင် ရက္ခိုင့်တပ်တော် (AA)နှင့်ပတ်သက်သည်ဟုဆိုကာ ရပ်ကွက်၊ ကျေးရွာများကို ဝင်ရောက်စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများရှိနေသလို အချို့ဒေသခံများမှာ စစ်ဆေးမေးမြန်းခြင်းခံရမည်ကို စိုးရိမ်၍ ရှောင်တိမ်းနေရသူများလည်း ရှိနေသည်ဟု သိရသည်။ (NN-7)

ဆက်စပ် သတင်းများ