သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဟိုင်းကြီးကျွန်းတွင် AA သင်တန်းတက်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခံထားရသူရခိုင်လူမျိုး၁၀ဦးနှင့် တစ်လကျော်ကြာလာသည့်တိုင် အဆက်အသွယ်မရသေး၍ မိသားစုများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 6.9k

နိရဉ္စရာ၊ မေ ၂၇ရက်၊ ၂၀၂၂
ဧရာဝတီတိုင်း၊ဟိုင်းကြီးကျွန်း၊ ကျေးရွာသုံးရွာမှ ဒေသခံအမျိုးသမီး ၅ဦး အပါအဝင် ရခိုင်လူမျိုး ၁၀ ဦးကို ရက္ခိုင့်တပ်တော်(AA) က စစ်သင်တန်း လာပေးရာတွင် တက်ရောက်ခဲ့သည်ဟု စွပ်စွဲကာ ဖမ်းဆီထားပြီး ယနေ့ အချိန်ထိ မိသားစုများနှင့်အဆက်အသွယ်မရဖြစ်နေသည်ဟု ဒေသခံများက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။
၎င်းတို့ကို မြန်မာစစ်တပ်က ဧပြီလ ၂၁ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ပြီး ယနေ့အချိန်ထိ မည်သည့် နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရကြောင်း သူတို့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူမှာငါးပြေမကျေးရွာမှ ဒေါ်ခင်စန်းမြင့်၊ ဒေါ်ယောင်းစိန်၊ ဒေါ်ကုလားမစိန်၊ မဌေးမြင့်၊ အဏ္ဏဝါကျေးရွာမှ ကိုကျော်မင်းထက်၊ ကိုအောင်လေး၊ ကိုရဲသီဟ၊ ကိုမောင်မောင်၊ ကိုအောင်ဇော်ထက်နှင့် ဟိုင်းကြီး ကျေးရွာမှအမျိုးသမီးတစ်ဦးတို့ဖြစ်ကြသည်။
ဖမ်ဆီးခံရသည့်အထဲတွင် ပါဝင်သည့် ဒေါ်ယောင်းစိန်နှင့် ရင်းနှီးသည့် မိတ်ဆွေတစ်ဦးက “ဖမ်းခံရတာကတော့ ဟိုင်းကြီးကျွန်းမြို့နယ် တစ်ခုတည်းကပါ။ ကျေးရွာကတော့သုံးရွာကပေါ့။ ဖမ်းတာကတော့ အေအေက ဗိုလ်မှူးတစ်ယောက်စစ်သင်တန်းလာပေးတယ်။သင်တန်းပေးပြီးတော့ အဲဒီမှာ အဖွဲ့အစည်းတစ်ခုဖွဲ့ ထားတယ်ပေါ့။ အဲသလို သတင်းကြောင့် ဖမ်းဆီး သွားတာလို့ သိရတယ်ဗျ။ အခုသူတို့ကို ပုသိမ်မှာ ထိန်းသိမ်းထားတယ်လို့လည်း ကြား တယ်ဗျ။ ငပုတောမှာ လို့လည်းကြား ရတယ်။ အတိကျတော့ တစ်ယောက်မှ မသိပါဘူး”ဟုဆိုသည်။
၎င်းတို့နှင့် မိသားစုများယနေ့ အချိန်ထိ အဆက်အသွယ်မရသေးသလို မည်သည့် နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေး၍ မိသားစုများ အနေဖြင့် အထူးစိုးရိမ်နေကြသည်ဟု ၎င်းက ပြောသည်။
ယခုလိုစွပ်စွဲကာဖမ်းဆီးထားခြင်းမှာလုံးဝ မဖြစ်သင့်သလို အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးခြင်းက သိပ်ဘဝင်မကျ ဖြစ်ရကြောင်း၊ ကျန်ရခိုင်လူမျိုးများအနေဖြင့်လည်း စိုးရိမ်နေရကြောင်း အထက်ပါ ဒေသခံကပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့မှစတင်ကလည်း ဟိုင်းကြီးကျွန်းမြို့၊ ကညင်ချောင်းကျေးရွာ၊ အဏ္ဏဝါ ကျေးရွာ၊ ငါးပြေမကျေးရွာအုပ်စု၊ ဇီးဖြူခေါင်းကျေးရွာနှင့် ဟိုင်းကြီးရွာတို့တွင် အမျိုးသား၊ အမျိုး သမီးစုစုပေါင်း ၄၀ ကျော်ကို မြန်မာစစ်တပ်ကဖမ်းဆီးခဲ့သည်။
အဆိုပါဖမ်းဆီးခံခဲ့ရသူများထဲမှ မေလ ၁ ရက်နေ့တွင် အမျိုးသမီး အပါအဝင် လူငယ် ၁၅ ဦးခန့် ပြန်လည်လွတ်ပေးခဲ့သလို မေလ ၁၀ရက်နေ့တွင်လည်း နောက်ထပ် ၁၅ဦးခန့် ထပ်မံ လွတ်ပေးခဲ့သော်လည်း ကျန် ၁၀ ဦးကို ယနေ့ အချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။ (NN-11)
( ဓာတ်ပုံ- ဖမ်းဆီးခံရသူများအထဲက ကိုရဲသီဟ၊ ကိုကျော်မင်းထက်နှင့် ကိုအောင်ဇော်ထက်ကိုတွေ့ရစဉ်)

ဆက်စပ် သတင်းများ