အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် ရခိုင်လူငယ်နှစ်ဦးနှင့် ရှမ်းအမျိုးသမီးနှစ်ဦး AA နှင့်ဆက်စပ်သံသယဖြင့် နောက်ထပ်ထောင် ၃နှစ်စီ အသီးသီးထပ်မံချမှတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 7.2k


နိရဥ္စရာ၊ မေ ၂၇/၂၀၂၂
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ် ချမှတ် ခံထားရသည့် ရခိုင်လူငယ်နှစ်ဦးနှင့် ရှမ်းအမျိုးသမီးနှစ်ဦးတို့သည် ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သံသယဖြင့် ထောင်ဒဏ် ၃ နှစ်စီ ယနေ့ ထပ်မံချမှတ်ခံရကြောင်း သိရသည်။
၄င်းတို့ ၄ ဦးမှာ စစ်တွေမြို့မှ ကိုသိန်းထွန်းအေး၊ ပေါက်တောမြို့နယ် သရက်ချိုကျေးရွာမှ ကိုအောင်နိုင်စိုး(ခေါ်)ကိုစိုးစိုးနှင့် ရှမ်းအမျိုးသမီး နှစ်ဦးတို့ဖြစ်ပြီး ယနေ့ မေလ ၂၇ ရက် ညနေပိုင်းတွင် ထောင်ဒဏ် ချမှတ်ခံလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။
၄င်းတို့အနက် ကိုသိန်းထွန်းအေးသည် အကြမ်းဖက်မှုဖြင့် ၃ နှစ်နှင့် မှတ်ပုံတင် အတုပြုလုပ်မှုဖြင့် ၁ နှစ်၊ ကိုအောင်နိုင်စိုး(ခေါ်)ကိုစိုးစိုးနှင့် ရှမ်းအမျိုးသမီး ၂ ဦးသည် အကြမ်းဖက်မှုဖြင့် ၃ နှစ်စီ ချမှတ် ခံလိုက်ရသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်း စာရေးဆရာ ကိုဝေဟင်အောင်က နိရဉ္စရာ သတင်းဌာနကိုပြောသည်။
“ကိုသိန်းထွန်းအေးဟာ ဒီနေ့တော့ မှတ်ပုံတင်အမှုနဲ့ ၁ နှစ်ချတယ်။ ပြီးတော့ AA နဲ့ဆက်စပ်ပြီးတော့ အကြမ်းဖက်အမှုဥပဒေနဲ့ ၃ နှစ်ချတယ်။ ၃ နှစ်ချတော့ အဲဒီအစ်ကိုဟာ ဒီနေ့မှာ ၄ နှစ်ကျတယ်။ သူနဲ့အမှုတွဲ အောင်နိုင်စိုး(ခေါ်)စိုးစိုး သူတော့ အကြမ်းဖက်နဲ့ ၃ နှစ်ကျတယ်”ဟု ပြောသည်။
ကိုသိန်းထွန်းအေးနှင့် ကိုအောင်နိုင်စိုး(ခေါ်)စိုးစိုးတို့သည် ယခင်က မူးယစ်ဆေးအမှုဖြင့် ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံထားရသူတို့ဖြစ်သည်။
ယင်းကြောင့် လက်ရှိတွင် ကိုသိန်းထွန်းအေးသည် စုစုပေါင်း ထောင်ဒဏ် ၁၆ နှစ်နှင့် ကိုအောင်နိုင်စိုး(ခေါ်)စိုးစိုးသည် စုစုပေါင်း ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံလိုက်ရပြီဟု သိရသည်။
ရှမ်းအမျိုးသမီး ၂ ဦးနှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များကိုမူ စုံစမ်းမရသေးပါ။
၄င်းတို့အမှုတွဲတွင်ပါဝင်သည့် ပေါက်တောမြို့နယ် သရက်ချိုကျေးရွာမှ ကိုမြမောင်တို့ဇနီးမောင်နှံမှာ ပြစ်ဒဏ်ချမှတ်ခံရခြင်းမရှိဘဲ ယနေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်ဟုလည်း ကိုဝေဟင်အောင်က ပြောသည်။
“သူတို့အမှုတွဲမှာပဲ ကိုမြမောင်တို့လင်မယားနှစ်ယောက်တော့ ဒီနေ့ လွတ်တယ်။ မူးယစ်ဆေးအမှုနဲ့လည်း လွတ်တယ်။ အကြမ်းဖက်မှုနဲ့လည်း လွတ်တယ်”ဟု ပြောသည်။
လွတ်မြောက်လာသည့် ကိုမြအောင်အား နိရဉ္စရာက ဆက်သွယ်နေဆဲ ဖြစ်သည်။
နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် ကိုသိန်းထွန်းအေးသည် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်တွင် ဖမ်းဆီးခံခဲ့ရပြီး ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသူဖြစ်သည်ဟု သိရသည်။ (NN-2)

ဆက်စပ် သတင်းများ