စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရခိုင်နှင့်တနင်္သာရီသို့ ပို့ဆောင်မည့် ကျပ် ၅ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၅ သန်းနှင့်လူ ၉ ဦးဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 3.6k

နိရဉ္စရာ၊ မေ ၂၈/၂၀၂၂
ရခိုင်နှင့် တနင်္သာရီသို့ ပို့ဆောင်မည့် ကျပ် ၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၅ သန်းနှင့် လူ ၉ ဦး ဖမ်းဆီးမိကြောင်း မေ ၂၇ ရက်ထုတ် စကစပိုင် မြန်မာ့အလင်းသတင်းစာတွင် မေ ၂၇ ရက်နေ့က ဖော်ပြသည်။
မေ ၁၇ ရက် ညနေ ၃ နာရီခွဲတွင် မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးရပ်ကွက် ဇောတိက (၃) လမ်းရှိ ဇော်မင်းစိုး၏ နေအိမ်ကို သတင်းအရ ဝင်ရောက် ရှာဖွေရာ ကျော်ကျော်အောင်၊ ဝင်းထွန်း၊ လှစိန်မောင်၊ ချစ်ဦးမောင်၊ ဇင်မင်းကို၊ လွင်မင်းထိုက် နှင့် သက်ပိုင်ဦးတို့ ခုနစ်ဦးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းနှင့် မြန်မာငွေကျပ်သိန်း ၁၅၀ တို့ သိမ်းဆည်းရမိခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ကိုးကားပြီး သတင်းဖော်ပြသည်။
၎င်းတို့အား စစ်ဆေး ဖော်ထုတ်ချက်အရ ၎င်းနေ့ ည ၁၂ နာရီတွင် မင်္ဂလာဒုံ မြို့နယ် ပုလဲ (၃) ရပ်ကွက် စံပယ်လမ်းရှိ ဇော်မင်းစိုးက ကျော်ကျော်အောင် အမည်ဖြင့် ငှားပေးထားသည့် နေအိမ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား သိန်း ၄၀ ထပ်မံသိမ်းဆည်း ရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
ကွင်းဆက်အရ မေ ၁၈ ရက် နံနက် ၁၀ နာရီတွင် မြိတ်မြို့ မြိတ် တောင်နယ်မြေ ဇေယျာသီရိ (၃) ရပ်ကွက် ခူဒိုင်လမ်းနေ မမီးငယ်စိုး (ခ) သီတာစိုးကို မြန်မာ ငွေကျပ် ၈၅ သိန်းနှင့်လည်းကောင်း၊ ပြည့်စုံနှင့် ကျော်သူတို့အား HINO ခြောက်ဘီး မော်တော်ယာဉ်တစ်စီး၊ မြန်မာငွေ ကျပ်သိန်း ၄၀ တို့နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်ဟု ထပ်မံဖော်ပြသည်။
စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ ရန်ကုန်မြို့သို့ သယ်ဆောင်ပြီး ဖမ်းမိနေအိမ်များ၌ သိုလှောင်ကာ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့သို့ သယ်ဆောင်ရောင်းဝယ်ကြောင်း သတင်းတွင် ဆက်လက် ဖော်ပြထားသည်။
သယ်ဆောင်ရောင်းဝယ်သူ ဇော်မင်းစိုးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် ၎င်းတို့အား ဥပဒေ အရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူ များအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ