သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မလေးရှားသို့ အလုပ်လုပ်ရန် တရားမဝင်သွားသည့် ရခိုင်အပါအဝင်မြန်မာ ၂၆ ဦးထိုင်းတောင်ပိုင်းတွင်ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 9.3k


နိရဉ္စရာ၊ မေ ၂၈/ ၂၀၂၂
မလေးရှားသို့ အလုပ်လုပ်ရန် တရားမဝင်သွားသည့် ရခိုင်အပါအဝင် မြန်မာ ၂၆ ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရကြောင်း ဘန်ကောက်စ်ပို့စ်တွင် မေ ၂၆ ရက်နေ့က သတင်းဖော်ပြသည်။
၎င်းတို့သည် မလေးရှားတွင် အလုပ်ရရန် ဂတိဖြင့် ပွဲစားကို တစ်ဦးလျှင် ဘတ်ငါးသောင်းကျော် ချေးငှားခဲ့ရသည်ဟုဆိုသည်။
၎င်းတို့သည် ထားဝယ်၊ ရခိုင်နှင့် မြန်မာနိုင်ငံရှိ အခြားမြို့နယ်များမှ ထွက်ခွာ လာကာ မလေးရှားနိုင်ငံသို့ အလုပ်အကိုင်ရန် သွားသူများဖြစ်ကြောင်း စကားပြန်မှတစ်ဆင့် ထိုင်းရဲတပ်ဖွဲ့ကို ၎င်းတို့ ပြောကြားသည်။ ဖမ်းဆီးခံရသူများ အထဲတွင် အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၉ ဦးပါ၀င်သည်။
ထိုင်းကင်းလှည့်တပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်ရဲများနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က ဆာဒုံး အကောက်ခွန် ဂိတ်သစ်အနီး တောအုပ်အတွင်း၌ ၎င်းတို့အနီးသို့ ချဉ်းကပ်လာစဉ် ထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း အားလုံးကို ဝိုင်းဖမ်းခဲ့ကြောင်း တပ်မတော် တပ်ဖွဲ့မှူး ဗိုလ်မှူးကြီး Thanitphon Hongwilai က ပြောသည်။
၎င်းတို့သည် မေလ ၁၉ ရက်နေ့တွင် ထွက်ခွါလာပြီး မေလ ၂၁ ရက်နေ့တွင် ပရာချွာခီရီခန်းပြည်နယ်သို့ ခြေလျင်ဖြတ်ကာ တောအုပ်ထဲတွင် ပုန်းအောင်းခဲ့ကြသည်။
အများစုက ပိုက်ဆံ ငါးသောင်းဘတ်စီ ပွဲစားကို ပေးရန် ချေးငှားထားပြီး အချို့ကို မလေးရှား နိုင်ငံရှိ သစ်စက်ရုံများတွင် အလုပ်လုပ်ကိုင်ရန် ကတိပြုထားသော်လည်း အချို့မှာ မည်သည့်နေရာတွင် လုပ်ကိုင်ရမည်ကို မသိကြဟု ဆိုသည်။ ၎င်းတို့အားလုံးသည် သူတို့၏ အကြွေးများကို ဆပ်ရန် အလုပ်လိုကြသည်ဟု ဖော်ပြသည်။
မေလ ၂၀ ရက် နံနက်အစောပိုင်းကလည်း မလေးရှားသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် တရားမဝင် မြန်မာအလုပ်သမား ၂၀ဦးသည် ထိုင်း-မလေးရှားနယ်စပ်အနီးတွင် ဖမ်းဆီးခံရကြောင်း Bangkok Post သတင်းဌာနက မေ ၁၉ ရက်နေ့က ဖော်ပြသည်။
မြန်မာနိုင်ငံသား အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၂ ဦးတို့ပါဝင်ပြီး ၎င်းတို့ အားလုံးတွင် ခရီးသွားလာခွင့် အထောက်အထားများစာရွက်စာတန်း မရှိဘဲ ထိုင်းနယ်စပ် ကျေးရွာတစ်ရွာအနီးတွင် ထိုင်းကင်းလှည့် စစ်သားများ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
( Photo by Bangkok Post)

ဆက်စပ် သတင်းများ