တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရခိုင်အမျိုးသားပန်းချီဆရာတစ်ဦး ထိုင်းတက္ကသိုလ်တစ်ခု၏ မဲခေါင်ခေတ်ပြိုင်အနုပညာ ပန်းချီဂုဏ်ပြုဆု ရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 1.2k


နိရဥ္စရာ၊ မေ ၃၀/ ၂၀၂၂
ရခိုင်အမျိုးသား ပန်းချီဆရာတစ်ဦးဖြစ်သူ ဆရာဦးသန်းကျော်ဌေးသည် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ မဟာစရခမ်တက္ကသိုလ်မှ ဂုဏ်ပြုချီးမြှင့်သည့် မဲခေါင်ခေတ်ပြိုင်အနုပညာ ပန်းချီဂုဏ်ပြုဆုကို ရရှိခဲ့သည်ဟု သိရသည်။
သူသည် ယခု ၂၀၂၂ ခုနှစ် မဟာမဲခေါင် ခေတ်ပြိုင်အနုပညာပန်းချီပြပွဲအတွက် ဂုဏ်ပြုဆုကို မြန်မာနိုင်ငံအတွင်း လူလတ်ပိုင်းပန်းချီဂုဏ်ပြုဆုရှင်အဖြစ် မွန်တိုင်းရင်းသားဖြစ်သူ ပန်းချီဆရာ ဦးမွန်ဆက်နှင့်အတူ ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်ဟု ဂုဏ်ပြုဆုရှင် ဆရာဦးသန်းကျော်ဌေးက နိရ ဉ္စရာကိုပြောသည်။
"မဟာမဲခေါင်မြစ်ဝန်းဝှမ်းဒေသမှာရှိတဲ့ နိုင်ငံတွေ၊ တက္ကသိုလ်တွေနဲ့ ပန်းချီအသင်းအဖွဲ့တွေ၊ ပန်းချီဆရာတွေကို ပေါင်းပြီးတော့ ပွဲလုပ်တယ်လို့ သိရပါတယ်။ အခုက ဘယ်နှစ်ကြိမ်မြောက်မှန်းတော့ မသိဘူး။ နှစ်တိုင်းလိုလိုလုပ်တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ပန်းချီအနုပညာအဖွဲ့က ကျွန်တော်နဲ့ တခြားပန်းချီဆရာတွေရဲ့နာမည်တွေကိုထည့် လုပ်လိုက်တယ်လို့ သိရတယ်။ အဲ့ဒီနာမည်ထဲက ဆုပေးပွဲလုပ်တယ်လို့ သိရပါတယ်" ဟု ပြောသည်။
ယင်းအပြင် အဆိုပါပန်းချီပြပွဲအတွက် လူငယ်ပိုင်းပန်းချီဂုဏ်ပြုဆိုကို ပအို့ဝ်တိုင်းရင်းသားဖြစ်သူ ပန်းချီဆရာ ဦးပန်းကြည်တို့က ရရှိခဲ့သည်ဟု သိရသည်။
ယခုဂုဏ်ပြုဆုကို ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ မဟာစရခမ်တက္ကသိုလ်မှ ပန်းချီနှင့် အကဗေဒမဟာဌာနက နှစ်စဉ် ကြီးမှူးကျင်းပပေးအပ်ခြင်းဖြစ်ပြီး ပန်းချီဆရာများ၏ အနုပညာဖြတ်သန်းမှုအတွက် ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်သည်ဟု သိရသည်။
၎င်းခေတ်ပြိုင်ပန်းချီပြပွဲနှင့် ပန်းချီဂုဏ်ပြုဆုချီးမြှင့်ပွဲကို လာမည့် ဇူလိုင်လ ၁၇ ရက်နေ့တွင် အွန်လိုင်းမှ ကျင်းပသွားမည်ဟုလည်း ဆရာဦးသန်းကျော်ဌေးက ပြောသည်။
"ဘာပဲဖြစ်ဖြစ် ဝမ်းသာတယ်။ ကျွန်တော့် ပန်းချီသက်တမ်း အနှစ် ၁၀၊ ၂၀ အတွင်းမှာ ကိုယ့်ရဲ့ ပန်းချီပညာ၊ လက်ရာကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးတဲ့သဘောဖြစ်လို့ ဝမ်းသာပါတယ်၊ ပျော်လည်း ပျော်တာပေါ့"ဟု ပြောသည်။
ဆရာ ဦးသန်းကျော်ဌေးကို ၁၉၇၈ ခုနှစ်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရဲနွယ်စုရပ်ကွက်၌ ဖခင် ဦးစံလှဖြူနှင့် မိခင် ဒေါ်စံဝါဖြူတို့က မွေးဖွားခဲ့ပြီ၊ မွေးချင်းမောင်နှမ ၅ ဦးအနက် ဒုတိယမြောက်သားဖြစ်သည်။
ငယ်စဉ်ကလေးဘဝတွင် စစ်တွေမြို့၊ အ.ထ.က(၁)တွင် ပညာသင်ကြားပြီး ၈ တန်းနှစ်တွင် စစ်တွေမြို့မှ ပန်းချီပန်းပုဆရာဖြစ်သည့် ဦးစိုးဌေးနှင့် ပန်းချီဆရာဦးထွန်းအေးတို့ထံတွင် အခြေခံပန်းချီပန်းပုပညာကို သင်ကြားခဲ့သည်ဟုလည်း သိရသည်။
အထက်တန်းအောင်မြင်ပြီးနောက် ၁၉၉၇ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ရန်ကုန်၊ ပန်းချီ၊ ပန်းပုကျောင်းတွင် ၃ နှစ်တာ ပန်းချီပညာကိုလေ့လာသင်ယူခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှစ၍ ယခုအချိန်ထိ ပန်းချီပညာဖြင့် အသက်ရှင် ရပ်တည်နေသူဖြစ်သည်။
ယခုအချိန်တွင် ရန်ကုန်မြို့၊ မြောက်ဒဂုံ ၄၉ ရပ်ကွက်တွင် မိသားစုနှင့်အတူနေထိုင်ပြီး ပန်းချီးများ ဆက်လက်ရေးဆွဲနေသည်ဟု သိရသည်။ (NN-12)

ဆက်စပ် သတင်းများ