တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

စိုက်ပျိုးစရိတ်မြင့်တက်မှုကြောင့် ရခိုင်မှလယ်သမား ၅ဝ ရာနှုန်းခန့် ထွန်ယက်စိုက်ပျိုးနိုင်မည်မဟုတ်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 7.4k

နိရ ဉ္စရာ၊ ဇွန် ၁/၂၀၂၂
ရခိုင်ပြည်နယ်တွင် စိုက်ပျိုးစရိတ်မြင့်တက်နေမှုကြောင့် လယ်သမား ၅ဝ ရာခိုင်နှုန်းခန့် စပါးထွန်ယက်စိုက်ပျိုးနိုင်မည်မဟုတ်ဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂက ခန့်မှန်းပြောဆိုလိုက်သည်။
ယခုလတ်တလောအခြေအနေအရ ယခင်က တစ်အိတ်လျှင် ကျပ် ၂ သောင်းခွဲသာရှိခဲ့သည့်ဓာတ်မြေသြဇာတစ်အိတ်သည် လက်ရှိတွင် ကျပ် ၁ သိန်းကျော်ရှိနေပြီး ယခင်က လယ်ထွန်ရန်အတွက် စက်သုံးဆီ တစ်ပီပါလျှင် ကျပ် ၂ သိန်းခန့်သာရှိရာမှ လက်ရှိတွင် ကျပ် ၆ သိန်းကျော်သွားပြီဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ဦးအောင်ကျော်မြက နိရ ဉ္စရာကိုပြောသည်။
“အဲလိုဆိုတော့ သွင်းအားစု အလွန်တရာများတဲ့အတွက် လုပ်သာလုပ်ရပေမဲ့ သီးထွက်မကိုက်နိုင်တဲ့အတွက် ကျနော်တို့ ဓာတ်မြေသြဇာဟာ ၄ လုံးသုံးမဲ့နေရာမှာ ၃ လုံးပဲ သုံးနိုင်မယ်။ ဒါကြောင့် အထွက်နှုန်းကျဆင်းသွားမယ်။ နောက်တစ်ခုက ၅ဝ ရာခိုင်နှုန်းသောလယ်သမားတွေက လုံးဝ မလုပ်နိုင်တဲ့အခြေအနေဘက်ကို ဦးတည်နေပါတယ်”ဟု ပြောသည်။
ရခိုင်တွင် စိုက်ပျိုးနိုင်သည့် လယ်ဧက ၁၂ သိန်းရှိသော်လည်း လယ်သမားများကို အစိုးရကသော်လည်းကောင်း၊ အဖွဲ့အစည်းများကသော်လည်းကောင်း အကူအညီတစ်စုံတစ်ရာမပေးနိုင်ပါက လာမည့်စပါးထွက်ရာသီတွင် အထွက်နှုန်း ၆ဝ ရာနှုန်းခန့် လျော့ကျသွားနိုင်သည်ဟုလည်း ဦးအောင်ကျော်မြက ဆက်ပြောသည်။
“ရခိုင်ပြည်လယ်ယာစီးပွားစနစ်က တစ်စုံတစ်ခုသောအဖွဲ့အစည်း၊ သို့တည်းမဟုတ် အစိုးရ တစ်ခုခုက အတိုင်းအတာတစ်ခုအထိ ဝင်ကူမပေးဆိုရင် ကျနော်တို့ရခိုင်ပြည်လယ်ယာစီးပွားစနစ်က ၆ဝ ရာနှုန်းလောက်လျော့သွားနိုင်တယ်လို့ ကျနော်တို့ ခန့်မှန်းပါတယ်”ဟု ပြောသည်။
ယခုနှစ်တွင် စက်သုံးဆီစျေးနှုန်းများလည်း အဆမတန်မြင့်တက်လာသည့်အတွက် ထွန်ယက်စရိတ်ကလည်း ယခင်နှစ်က တစ်ဧကလျှင် ကျပ် ၈ သောင်းရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ် ၁ သိန်းနှင့်အထက်ကိုပေးနေရသည်ဟု လယ်သမားများက ပြောသည်။
ယင်းကြောင့် လယ်ဧက ၁ဝဝ ရှိသည့်လယ်သမားများအနေဖြင့် ဧက ၅ဝ ခန့်သာလုပ်နိုင်မည်ဖြစ်ပြီး ကျန် ၅ဝ ရာနှုန်းကို ထွန်ယက်စိုက်ပျိုးနိုင်ခြင်းမရှိဘဲ ရပ်နားထားရမည့်အခြေအနေဖြစ်နေသည်ဟု အမ်းမြို့နယ် တောင်ကြီးရင်းကျေးရွာမှ လယ်သမား ဦးညီခင်မောင်က ပြောသည်။
“ဒီနှစ်က ဆီစျေးတွေတက်လို့ လယ်ထွန်နိုင်မဲ့လယ်သမားတွေက ရှားရှားပါးပါးဖြစ်နေပါတယ်။ ဒီဘက်မှာက ဓာတ်မြေသြဇာတွေ သိပ်မသုံးတော့ ဆီစျေးတစ်ခုကြောင့်ပဲ ကျနော်တို့ အခက်အခဲဖြစ်နေကြရတာပါ”ဟု ပြောသည်။
ထွန်ယက်စိုက်ပျိုးနှုန်းလျော့ကျခြင်းနှင့်အတူ စပါးအထွက်နှုန်းလည်း လျော့ကျလာမည်ဖြစ်၍ ရခိုင်ပြည်သူများအနေဖြင့် များစွာအခက်အခဲအကျပ်အတည်းများဖြင့် ကြုံလာနိုင်သည်ဟုလည်း လယ်သများက သုံးသပ်ပြောဆိုနေကြသည်။
ရခိုင်တွင် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း စစ်ရေးပဋိပက္ခများကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို ပုံမှန်အတိုင်းလုပ်ကိုင်နိုင်ခြင်းမရှိခဲ့ဟု သိရသည်။
၂ဝ၂ဝ နောက်ပိုင်း တိုက်ပွဲများရပ်တန့်သွားပြီးနောက်တွင် ပုံမှန်အတိုင်းလုပ်ကိုင်မည်ဆိုသော်လည်း အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းနှင့်အတူ ဓာတ်မြေသြဇာများနှင့် စက်သုံးဆီစျေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းတို့ကြောင့် ယခုကဲ့သို့ အခက်အခဲအကျပ်အတည်းများဖြင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်ဟု လယ်သမားများက ပြောသည်။ (NN-2)

ဆက်စပ် သတင်းများ