Preview

ရခိုင်ရှိ မြိုလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး

ဇွန် ၀၉/ ၂၀၂၂ | ကြည့်ရှုသူ :2457
ရခိုင် သတင်း

နိရဥ္စရာ၊ဇွန် ၇/၂၀၂၂

ခိုင်ပြည်နယ်အတွင်းရှိမြိုလူမျိုးဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြားလူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရန် မြိုလူမျိုးတို့က ဆုံးဖြတ်ခဲ့ကြသည်ဟုသိ၇သည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ဗန်းဗွီးကျွေးရွာတွင် ဇွန်လ ၄ ရက်မှ ဇွန်လ ၆ ရက်အထိ ၃ ရက်တိုင်တိုင် ကျင်းပခဲ့သောမြိုလူငယ်ကိုယ်စားလှယ်များတွေ့ဆုံပွဲနောက်ဆုံးနေ့တွင် ယခုကဲ့သို့ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

မြိုလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့်ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် မြိုလူငယ်များအလုပ်အကိုင်အခွင့်အလမ်းရရှိရေးစသည့်ကဏ္ဍများကိုပါ အခြားလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်ကာ ဆောင်ရွက်သွားမည်ဟုပွဲကျင်းပရေးကော်မတီဝင်တစ်ဦးက နိရဥ္စရာကိုပြောသည်။

"ကျွန်တော်တို့မြိုတိုင်းရင်းသားတွေအတွက်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေကို ဘယ်လိုတည်ဆောက်မယ်ဆိုတာရယ်။ ပြီးတော့ဘယ်လိုပုံစံမျိုးဆောင်ရွက်သွားဖို့ဆိုတာနဲ့ ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါတယ်။ အဓိကလူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးကိုလည်းတခြားအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်သွားဖို့ရှိပါတယ်"ဟုပြောသည်။

မြိုလူမျိုးများသည်ရခိုင်မျိုးနွယ်စုဝင်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း လူဦးရေ၃ သောင်းကျော်နေထိုင်လျက်ရှိသည်ဟု မြိုစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးဇနီဖြူကပြောသည်။

မောင်တော၊ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်တို့တွင်နေထိုင်ကြပြီးယင်းအနက် မောင်တောမြို့နယ်တွင် အများဆုံးနေထိုင်လျက်ရှိသည်ဟု ဆိုသည်။

တောတောင်များကိုမှီခိုကာ တောင်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်စားသောက်ကြပြီးလမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ မြို့ပြနှင့် အလှမ်းကွာဝေးမှုတို့ကြောင့် ပညာရေး၊ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးစသည်တို့တွင် ဖွံ့ဖြိုးတိုးတက်မှုမရှိဖြစ်နေသည်ဟုသိ၇သည်။

မြိုလူငယ်ကိုယ်စားလှယ်များတွေ့ဆုံပွဲကိုမောင်တောနှင့် ဘူးသီးတောင်မြို့နယ်များရှိ မြိုလူငယ်များပူးပေါင်းဖွဲ့စည်းထားသော MYEDA(Mro Youths Education Development Association)အပါအဝင် ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်များရှိမြိုလူငယ်များပူးပေါင်းဖွဲ့စည်းထားသော MYDA (Mro Youths Development Association)နှင့် MYNG(Mro Youths New Generation)တို့ပူးပေါင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲကိုလူဦးရေ ၄၀ ကျော်ခန့် တက်ရောက်ခဲ့ပြီး မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ကျောက်တော်မြို့နယ်များမှ မြိုလူငယ်များနှင့်လည်း Network တစ်ခုပြုလုပ်နိုင်ခဲ့ဟု သိ၇သည်။ (NN-13)

#တိုင်းရင်းသားရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.