တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ပေါက်တောတွင် လယ်သမားတစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံး၊ ရခိုင်တွင် ၂ လအတွင်း မိုးကြိုးထိမှန်သေဆုံးသူ ၂ ဦးရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 3k

နိရဥ္စရာ၊ ဇွန် ၁၃ / ၂၀၂၂
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရီပဒေသာကျေးရွာမှ လယ်အငှားထွန်းနေသည့် အမျိုးသားတစ်ဦးသည် ယနေ့ ဇွန် ၁၃ ရက်၊ နံနက် ရ နာရီကျော်အချိန်ခန့်တွင် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသည်ဟု သိရသည်။
မိုးကြိုးပစ်ခံရသူမှာ အသက် ၄၃ နှစ်အရွယ်ရှိ ဦးမောင်ကျော်စိန်ဖြစ်ပြီး ၎င်းမှာ ကျေးရွာနှင့်တစ်မိုင်ခန့်ဝေးသည့် လယ်ပြင်တစ်ခုတွင် စက်ဖြင့်ထွန်ယက်နေစဉ် မိုးကြိုးထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာရာအိမ်မှူး ဦးထွန်းသာအောင်က ပြောသည်။
“ဒီနေ့က မိုးတအားရွာတယ်။ အဲဒီမှာဖြစ်သွားတာ။ လယ်ထွန်းစက်တော့ ဘာမှမဖြစ်ခဲ့ဘူး။ လူကပဲ သေသွားတာ။ သေသွားတဲ့သူက နားနှစ်ဖက်စလုံးကသွေးတွေတအား ထွက်နေတယ်။ ခန္ဓာကိုယ်ကတော့ အကောင်းပကတိအတိုင်းပဲ ဘာမှဖြစ်မသွားဘူး”ဟုဆိုသည်။
သေဆုံးသွားသူ ဦးမောင်ကျော်စိန်တွင် သားသမီး ၄ ဦးရှိပြီး ပင်ပန်းဆင်းရဲသည့်အတွက် သူများထံတွင်အငှားလုပ်ကာ မိသားစုကို ကျွေးမွေးနေသူဖြစ်သည်။
လက်ရှိတွင် အလောင်းကို ရွာသုဿန်တွင် သင်္ဂြိုလ်ရန်ပြင်ဆင်နေသည်ဟု ဦးထွန်းသာအောင်က ပြောသည်။
ပြီးခဲ့သည့် မေလ ၃ ရက်နေ့တွင်လည်း အမ်းမြို့နယ်၊ တောင်ရှည်ကျေးရွာမှ အသက် ၄၀ အရွယ်ရှိ ဒေါ်သိန်းခင်ကြည်မှာ မိသားစုဝင် ၄ ဦးနှင့်အတူ ကျောက်ဖျာကျေးရွာရှိနာရေးတစ်ခုမှ စက်လှေဖြင့်ပြန်လာစဉ် မြေပုံမြို့နှင့် အမ်းမြို့ကြားရှိမြစ်ထဲတွင် မိုးကြိုးထိမှန်ပြီး မြစ်ထဲပြုတ်ကျခဲ့ပြီး တစ်ရက်အကြာတွင် အလောင်းကိုပြန်လည်တွေ့ရှိခဲ့သည်ဟု သိရသည်။ (NN-11)

ဆက်စပ် သတင်းများ