တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

AA တပ်ဖွဲ့ဝင်အချို့ကို စစ်ကောင်စီက ဖမ်းဆီးနေ၍ စစ်ကောင်စီအရာရှိအချို့ကိုလည်း ဖမ်းဆီးထားဟု AA ပြော၊ မိမိတို့တပ်ဖွဲ့ဝင်များကို ချက်ချင်းလွှတ်ပေးပါက ၄င်းတို့ကိုလည်း ချက်ချင်းလွှတ်ပေးမည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 9.2k

နိရ ဉ္စရာ၊ ဇွန် ၁၄ / ၂ဝ၂၂
ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်အချို့ကို စစ်ကောင်စီက ဖမ်းဆီးထား၍ စစ်ကောင်စီအရာရှိအချို့နှင့် တပ်ဖွဲ့ဝင်အချို့ကိုလည်း ဖမ်းဆီးထားသည်ဟု AA က ပြောဆိုလိုက်သည်။
ယနေ့ ဇွန်လ ၁၄ ရက် နံနက် ၁ဝ နာရီတွင်ပြုလုပ်သည့် ULA/ AA ၏ တတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ULA/ AA ၏ ပြောခွင့်ရသူ ဦးခိုင်သုခက ယခုကဲ့သို့ပြောဆိုသွားခြင်းဖြစ်သည်။
မြန်မာစစ်တပ်သည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)၏တပ်ဖွဲ့ဝင်အချို့နေအိမ်များကို ညဥ့်အချိန်တွင်ဝင်ရောက်ဖမ်းဆီးခြင်းများသည် ပြီးခဲ့သည့်လနှင့် ယခုလအတွင်းရှိလာနေ၍ စစ်ကောင်စီဘက်မှ အရာရှိအချို့နှင့် တပ်ဖွဲ့ဝင်အချို့တို့ကို ဖမ်းဆီးရခြင်းဖြစ်သည်ဟု ဦးခိုင်သုခက ပြောသည်။
“သူတို့တွေ ဒီအတိုင်းဆက်လုပ်နေရင် ကျနော်တို့ဘက်ကလည်း အဲဒီအတိုင်းပဲ ပြန်ပြီးတော့ တုံ့ပြန်သွားမှာဖြစ်ပါတယ်။ မြန်မာစစ်တပ်ဘက်ကဖမ်းထားတဲ့ ကျနော်တို့ ULA/AA တပ်ဖွဲ့ဝင်တချို့ကို ချက်ချင်းပြန်လွှတ်တယ်ဆိုရင်တော့ သူတို့တပ်ဖွဲ့ဝင်တွေကိုလည်း ကျနော်တို့ ချက်ချင်းပြန်လွှတ်ဖို့ စဉ်းစားထားပါတယ်။ အဓိကတော့ ကျနော်တို့လူတွေကိုဖမ်းတဲ့အတွက် သူတို့လူတွေကို ကျနော်တို့ဖမ်းရတာဖြစ်တယ်။ ဆိုလိုတာကတော့ ကျနော်တို့လူတွေကိုလွှတ်ပေးရင် သူတို့လူတွေကိုလည်း လွှတ်ပေးလိုက်မယ်။ ဆိုလိုတာကတော့ အကျဉ်းသားချင်း ဖလှယ်သွားမှာဖြစ်ပါတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နံနက်ကလည်း ကျောက်တော်မြို့တွင် စစ်ကောင်စီဒုတပ်ကြပ်တစ်ဦးနှင့် တပ်ဖွဲ့ဝင်တစ်ဦးတို့ကို AA က ဖမ်းဆီးထားသည်မှာ မှန်ကန်သည်ဟု ဦးခိုင်သုခက ဆက်ပြောသည်။
“ကျနော်တို့ဖမ်းဆီးထားတဲ့မြန်မာစစ်တပ်တပ်ဖွဲ့ဝင်တွေကို မနှိပ်စက်ဘဲ ကျနော်တို့ ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားပါတယ်။ ဆိုတော့ အဲဒီနည်းတူ စစ်တပ်ဘက်ကလည်း ကျနော်တို့တပ်ဖွဲ့ဝင်တွေကို ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားဖို့အတွက် မျှော်လင့်ပါတယ်”ဟု ပြောသည်။
စစ်ကောင်စီထံဖမ်းဆီးခံထားသည့် AA တပ်ဖွဲ့ဝင်ဦးရေနှင့် AA က ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ဦးရေတို့ကို လောလောဆယ်ထုတ်ဖော်ဆိုရန်မရှိဟု ပြောသည်။
ယခုကဲ့သို့ နှစ်ဘက်ဖမ်းဆီးခံထားရသည့်တပ်ဖွဲ့ဝင်များ ပြန်လည်လွတ်မြောက်ရန်နှင့် နှစ်ဘက်အဖွဲ့အစည်းထံပြန်လည်ရောက်ရှိရေးအတွက် ကြားလူများမှတဆင့် ညှိနှိုင်းဆောင်ရွက်နေသည်များလည်း ရှိနေသည်ဟု ဦးခိုင်သုခက ပြောသည်။ (NN-2)

ဆက်စပ် သတင်းများ