တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

တောင်ပြိုကနေ မောင်တောကိုဆိုင်ကယ်ဖြင့်သွားကြသည့် ကျောင်းအုပ်ဆရာကြီးတစ်ဦးနှင့် လက်ထောက်ဆရာမတစ်ဦး လမ်းတွင်ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 2.9k

နိရဥ္စရာ၊ ဇွန် ၁၆/ ၂၀၂၂
ရခိုင်ပြည်နယ် အနောက်ဘက်အစွန်ဆုံး တောင်ပြိုလက်ဝဲမြို့မှ မောင်တောသို့ မော်တော်ဆိုင်ကယ်ဖြင့် သွားရောက်ကြသည့် ကျောင်းအုပ်ဆရာကြီးတစ်ဦးနှင့် လက်ထောက်ဆရာမ တစ်ဦးသည် လမ်းခုလပ်တွင် ပျောက်ဆုံးနေသည်ဟု သိရသည်။
ပျောက်ဆုံးနေသူများမှာ မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့အတွင်းရှိ သင်္ဘောလှကျေးရွာ မူလွန်ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်း (၃၄ နှစ်ခန့်)နှင့် သူ၏လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်(၂၃ နှစ်ခန့်)တို့ဖြစ်သည်။
သူတို့သည် ယနေ့ ဇွန်လ ၁၆ ရက်နေ့လယ်ပိုင်းက သင်္ဘောလှကျေးရွာမှ မောင်တောမြို့သို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ် ဇီးပင်ချောင်းကျေးရွာအနီး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သင်္ဘောလှကျေးရွာအနီးရှိ နံ့သာတောင်ကျေးရွာမှ ဦးအထွန်းချေက ပြောသည်။
“ဆိုင်ကယ် ၃ စီးနဲ့ ဒီကနေ ထွက်သွားကြတာ။ ၂ စီးက ရောက်သွားတယ်။ အဲဒီဆရာဘိုဝင်းနဲ့ ဆရာမတစ်ယောက်ဟာ နောက်ကဆိုင်ကယ်နဲ့ဖြစ်မယ်။ တခြားသူတွေ ရောက်ပြီးစောင့်နေတော့ သူတို့ဟာ မလာတော့ဘူး။ ရောက်မလာတော့ဘူး။ ဖုန်းဆက်လို့လည်း ဖုန်းနဲ့လည်း အဆင်မပြေတော့ဘူး”ဟု ပြောသည်။
ယင်းကြောင့် သွားရောက်ရှာဖွေရာ ဆရာဦးဘိုဝင်းနှင့် ဆရာမဒေါ်ဥမ္မာကျော်တို့မှာ ပျောက်ဆုံးနေပြီး သူတို့စီးလာသည့်ဆိုင်ကယ်အား လမ်းတွင် ဖျက်ဆီးခံထားရသည်ကို တွေ့ရသည်ဟု သိရသည်။
ပျောက်ဆုံးနေသူများအား ရွာသားများက လိုက်လံရှာဖွေလျက်ရှိသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး သင်္ဘောလှကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်စိန်ထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသည့်အတွက် အဆက်အသွယ်မရခဲ့ပါ။
ဆက်လက်ပြီး မောင်တောခရိုင်ပညာရေးမှူးကိုဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။ (NN-2)
ဓာတ်ပုံ - မောင်တောပြန်/ဆက်

ဆက်စပ် သတင်းများ